***** တပ်ချုပ်ကြီးနှင့် အတူတွဲ၍ တိုက်ခဲ့ရသော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၁၅ } *****
ထိုနေ့က စကကမှူး ဗိုလ်ချုပ် မောင်လှ ၏ အစည်းအဝေး အပြီး တွတ်ပီ တို့ တစ်ရင်း လုံး မဲပလဲမှ သည် ဝမ်ခ ဆီသို့ ဦးတည် ချီတက်ကြရ ပါလေသည် ၊ လမ်းမှာ ထီးချရား ရွာပျက် ၊ ထီးချရား ဘိုတဲ တို့မှ လွဲပြီး ဘာရွာမှ မရှိကြတော့ ၊ ယခင် ၁၉၈၄ ခုက ခလရ ၇၆ နှင့် ရောက်ခဲ့ဘူးစဉ် ထိုလမ်းကြောင်းမှာ မှောင်ခို သမားများ အဓိက သုံးစွဲနေသည်မို့ လမ်းတွေက အထင်းသား ၊ ယခုတော့ စစ်ဘေး စစ်ဒဏ် သင့်ယုံ မက ၊ မိုးဦးလည်း ကျစ ပြု နေပြီ မို့ ရွံှ့ တွေ ဗွက်တွေ နှင့် သွားရေး လာရေးက ခက်ခဲ လှပေစွ ၊
တကယ်တော့ မဲပလဲနှင့် ဝမ်ခသစ် အိုမီဂါ ကွေ့မှာ ခရီးအားဖြင့် မိုင် ၂၀ ထက် မပိုလောက်ပါ ၊ တောင်ဆင်း တောင်တက် အနည်းငယ် ရှိပြီး ဗွက်တွေ ထူထပ် လွန်းလှ သည့် အပြင် ပါရှိလာသော ဝန်စည် စလွယ်များကြောင့် ပင် ခရီးက မတွင်ခြင်း ဖြစ်ပါသည် ၊ လမ်းမှာလည်း မိုးက ရွာလိုက်သေး ဆိုတော့ ညနေ စောင်းမှပင် ရည်မှန်းချက်နေရာ သို့ ရောက်ရှိကြပါသည် ၊ ထိုညက ကာလူးကုန်း နှင့် ခပ်ဖလူး ကုန်း တဝိုက်မှာသာ တပ်များ ဖြန့်ခွဲ၍ အိပ်စက်ကြရပါသည် ၊
ဝမ်ခသစ် ရင်ဆိုင်ထားသော တပ်များနှင့် အချိန်းအပြောင်း လုပ်နေသည်မှာ ၃ ရက်ခန့် အချိန်ယူရသည် ဟု တွတ်ပီ ထင်ပါသည် ၊ ထိုအတောအတွင်း တပ်ခွဲမှူး ထံ ခွင့်တောင်းကာ ၁၉၈၄ ခုနှစ်ဆီက တွတ်ပီ ထိမှန်ဒဏ်ရာ ရခဲ့သော ခပ်ဖလူးကုန်း အခြေကို အမှတ်တရ သွားရောက် ကြည့်ဖြစ်ခဲ့ပါသေးသည် ၊ ထိုကုန်းအခြေ ရောက်တော့ ပြန်ပေါက်တောများကြောင့် တွတ်ပီတို့ နေခဲ့သော နေရာကို တော်တော်နှင့် ပြန်ရှာမရ ၊ ၅ နှစ်ခန့် ကြာခဲ့ပြီ မို့ ခြုံနွယ် ပိတ်ပေါင်း တွေက ထူလှပြီလေ ၊
၁၉၈၄ ခုနှစ် ဇူလိုင်လ ထဲမှာ ခလရ ၇၅ မှ တပ်ခွဲ ၁ ခွဲ စခန်းထိုင်ထားသော ခပ်ဖလူးကုန်း ပွိုင့် ၁၁၀၈ ကို ဝမ်ခသစ် စခန်းထဲရှိ ရန်သူ ကေအင်န်ယူ တို့က ထွက်တိုက်ရာ ထိုစခန်း ကျဆုံးခဲ့ရသည် ၊ ကျဆုံးသွားသော ထိုပွိုင့်ကုန်းကို တွတ်ပီတို့တပ် ခလရ ၇၆ မှ မှူးဘိုအေး ဦးစီး စစ်ကြောင်း ၂ ခွဲ { ၂ } ခွဲဖြင့် ပြန်တိုက်ရာ တောင်ကြောတစ်လျောက် ကုန်း ၅ ကုန်းရှိသည့်အနက် အနိမ့် ၃ ကုန်းသာ ပြန်သိမ်းနိုင်ပြီး ရန်သူနှင့် အနီးကပ် ရင်ဆိုင် ထိန်းချုပ် ထားခဲ့ရသည် ၊ ထိုမှ တပ်ရင်းမှူး ဒုမှူးကြီးအေးကျော် ဦးစီး တွတ်ပီတို့ စစ်ကြောင်း ၁ နှင့် ခွဲ { ၃ } ခွဲ ထပ်ပေါင်းကာ ၈၄ ဇူ ၂၉ ရက်နေ့မှာ ကျန်ရှိနေသည့် ကုန်း ၂ ကုန်းတက်သိမ်းရာ ရန်သူကဝမ်ခသစ် စခန်းတွင်း မှသာ မကပဲ တဘက်နိုင်ငံ သောင်ရင်းမြစ်ကမ်း ဘက်မှ ပါ လက်နက် ကြီးပစ်ကူ များဖြင့် ပြင်းထန်စွာ ခုခံ ပစ်ခတ်ခဲ့သဖြင့် ရည်မှန်းချက် မသိမ်းပိုက်နိုင်ခဲ့ ၊ { ထိုနေ့ တိုက်ပွဲတွင် တွတ်ပီ၏ လက်ဦးဆရာ တပ်စိတ်မှူးဖြစ်သူ တပ်ကြပ်ကြီး လျှံဖုန်း ကျဆုံးခဲ့ရပြီး အလောင်းပင် ပြန်မကောက် နိုင်ခဲ့ပါ } ၊
ရန်သူကလည်း သူတို့ရင်ထဲ စူးဝင်နေသော ညှောင့် တစ်ချောင်း သဖွယ် ဖြစ်နေသည့် ခပ်ဖလူးကုန်းကို မကျဆုံးစေရေး အင်အားများစွာ ဖြည့်တင်း ခုခံနေသဖြင့် ရန်သူနှင့် အနီးကပ် ပစ်ခတ်ရင်ဆိုင်နေရင်း နောက်မှလာမည့် ထပ်ဖြည့်တပ်များစောင့်ရပါ၏ ၊ ထပ်ဖြည့် တပ်များ မရောက်လာမီ မှာပင် ၈ - ၈ - ၈၄ ရက်နေ့ ည ၈ နာရီ တိတိမှာ တောင်ကုန်းပေါ်မှ ရန်သူများရော ၊ တဘက်ကမ်းမှ ကူးလာသော ရန်သူများပါပေါင်း၍ အင်အား ၈၀၀ ခန့်ဖြင့် တွတ်ပီ တို့ကို ဝိုင်းတိုက်ပါလေ သည် ၊ စစ်ဆင်ရေး ကာလက ၉ လကျော်ကြာမြင့်နေပြီး ၊ လက်နက်တွေက ပျက်ဆီး ၊ ခဲယမ်းတွေလည်း မလုံလောက်တော့ပဲ မျှစ်ကိုသာ အားပြုစားကာ ငှက်ဖျားဒဏ် ကောင်းစွာ ခံနေရသော အင်အား ၂၀၀ ခန့်ရှိ တွတ်ပီတို့ တပ်ရင်း မနက် ၉ နာရီထိ ခုခံပါသော်လည်း မခံနိုင်တော့ ၊ ကြားထဲ စစ်ကူရောက်လာခဲ့သော ခလရ { ၇၇ } မှ ဗိုလ်ကြီးခင်စိန် ဦးစီး ခွဲရုံး ၂ စုလည်း ပြန်တိုက်ရင်း တပ်ခွဲမှူးပါကျ ၊ အားလုံး ဖယိုဖရဲ ဖြစ်ကာ ရန်သူတိုက်စစ်အောက်မှာ နားလံ မထူ အရှုံး ပေးခဲ့ရပါ၏ ၊
တွတ်ပီ တို့ တစ်ရင်းလုံးနှင့် ခလရ ၇၇ မှ ဗိုလ်မှူးဘစု { နောင် ရေစကြို မဝတ } တို့ အဖွဲ့ပါ နောက်ကျသည့် ခြေထောက် သစ္စာဖောက် လုပ်ခဲ့ ကြရခြင်းပါ ၊ တွတ်ပီ မှာ ညသန်းကောင် ကထဲက လောင်ချာစ ထိမှန် ဒဏ်ရာကြောင့် တကိုယ်လုံး သွေးတွေ ရွဲနစ် သတိလစ် မေ့မျော သွားကာ မနက် ပြန် အဆုတ်တွင် တပ်ရင်းမှူး၏ ကောင်းမှုနှင့် သူငယ်ချင်း ၂ ဦး၏ ရဲဘော်စိတ်ရှိမှု တို့ကြောင့် အသက်ရှင်လျက် ပြန်လည် လွတ်မြောက်လာရခြင်း ဖြစ်သည် ၊ တပ်ရင်း ဖွဲ့စည်းပုံ ၆၀ မမ စိန်ပြောင်း ၄ လက် နှင့် ၈၁ မမ စိန်ပြောင်းကြီး ၁ လက်တို့လည်း ရန်သူ့ထံ ထောက် ၄ ကြီးမပါပဲ လွှဲခဲ့ရသည်မို့ ထိုတိုက်ပွဲကို တွတ်ပီ မမေ့နိုင် ၊ { နောင်တွင် စစ်ဆင်ရေး တစ်ခုလုံး အသေးစိတ် ရေးသား တင်ဆက် ပေးပါမည် } ၊
တွတ်ပီတို့ မအောင်မြင်စွာ ခွာစစ်ဆင်ရပြီး နောက် နတ်စင်ကုန်းမှာ ရှိသော ခလရ ၇၅ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးညွန့်ဖေ ကို ကာလူးကုန်း ပွိုင့် ၁၀၂၈ ပေါ် ထပ်တင်ကာ အင်အားဖြည့်ပေး ထားစဉ် နိုင်ချင်ကြက် ဖြစ်နေသော ကေအင်န်ယူ တို့က ကာလူးကုန်းကိုပါ ဆက်တိုက်ရာ ခလရ ၇၅ လည်း ဆင်းပြေးရ၏ ၊ ထို ရှုံး နိမ့်မှုကြောင့် ခလရ ၇၅ တပ်ရင်းမှူးလည်း တပ်မတော်မှ အနားပေးခြင်း ခံခဲ့ ရပါသည် ၊ ဒါတွေက တွတ်ပီ ကိုယ်တိုင် အခြားအဆင့် ဘဝမှာ ရင်ဆိုင် ကြုံတွေ့ ခဲ့ရတဲ့ ခါးသီးလှစွာ သော အတိတ် တွေပါ ၊
အဝေးသို့ ရောက်ရှိနေသော စိတ်တွေကို ပစ္စုပ္ပန် ဆီ ပြန်ဆွဲယူရင်း တွတ်ပီ ထိမှန် ဒဏ်ရာရ ခဲ့သော ဝါးရုံတော ကုန်းစောင်းလေး ကို လှမ်းမျှော်ကြည့်ကာ သူရဲကောင်းဆန်စွာ အသက်ပေးသွားခဲ့ကြရသော သူငယ် ချင်းများ နှင့် ရဲဘော် အပေါင်းအား လက်တင် အလေးပြုရင်း ပြုခဲ့သမျှ ကုသိုလ်တွေ အမျှ ပေးဝေ ဖြစ်ခဲ့ပါသည် ၊ ယခုတော့ မိမိ တို့ တပ်များ စွန့်လွှတ်စွန့်စားစွာ ပြန်လည် တိုက်ခိုက် သိမ်းပိုက် ခဲ့မှုကြောင့် ကာလူးကုန်းရော ၊ ခပ်ဖလူး ကုန်းကို ပါ ပြန်လည် အခြေချ နိုင်လေပြီ ၊
အပြန်မှာ ခပ်ဖလူး ကုန်းပေါ် တက်ကြည့်တော့ ၇၆ မမ အမြောက်တွေ ၂ လက်လား ၃ လက်လား မသိ ၊ တောင်ကုန်းထိပ်ပေါ် တင်ကာ ဆင်ထားသည်မှာ အမြောက် ပြောင်းတွေက အောက် စိုက်လျှက် ၊ ဝမ်ခသစ် စခန်းက သောင်ရင်းမြစ် ကမ်း မှာဆိုတော့ မြေပြန့်က ရန်သူ့ စခန်းကို တောင်ပေါ်တွင် နေရာယူထားသော မိမိ အမြောက်များ ပြောင်းအောက်စိုက် ချိန်တွယ် ပစ်ခတ်ရသည်မို့ ထမ်းဆောင်ခဲ့ဘူးသော စစ်သက်တလျောက် ထိုတစ်ကြိမ်သာ မြင်ကွင်းက မှတ်မှတ် သားသား ၊
အောက်မေ့ သတိရစရာ တွေ ပြန်တွေးရင်း အတိတ် ခြေရာတွေ ပြန်ကောက်ရင်း ၊ လှည့်ပတ် ကြည့်ရှုပြီး နေရာ ပြန်ရောက်တော့ တပ်ခွဲမှူးက အမှာတော် ပါးပါသည် ၊ ```` နဗဟ ၃၃၁ စခန်းကုန်းမှာ အရာရှိ ဦးစီး တပ်စု တစ်စု ထပ်ဖြည့်ပေးဖို့ ညွှန်ကြား လာတယ် ၊ လူကြီးနား ဆိုတော့ မသောက်မစား စည်းကမ်းလည်း ထိန်းနိုင်မယ့် လူမို့ ကိုတွတ်ပီ တပ်စုကို တပ်ရင်းမှူးက ရွေးပြီး လွှတ်ခိုင်း လို့ ခင်ဗျား တပ်စု ပြင်ထားပါ ၊ မနက်ဖန် သွားရမယ် ´´´´ ဟု ဆိုလာ သဖြင့် ``` ဟုတ်ကဲ့ အကိုကြီး ´´´ ဆိုကာ ပြန်လာပြီး တပ်စုကို ပြင်ဆင် ရပါလေသည် ၊
နောက်တစ်နေ့ မနက်မှာ ပွိုင့် ၁၂၇၉ တွင် အခြေပြု ကွပ်ကဲ လျက်ရှိသော ဗိုလ်မှူးကြီး သူရ မောင်ကို ၏ အမှတ် ၃၃၁ နည်းဗျူဟာ ကွပ်ကဲမှု ရှိရာ စောစော ချီတက် သတင်းပို့ရပါသည် ၊ဗျူဟာကုန်းကတော့ ရန်သူ့ လက်နက်ကြီး လက်လှမ်း မမီသော နေရာမို့ လုံခြုံ စိတ်ချစွာ နေရသော်လည်း ရန်သူက နောက်မှ ဝိုင်းပတ် တိုက်ခိုက်ခြင်းမျိုး ပြုလုပ် လာနိုင်သည်မို့ မပေါ့ဆ ရဲပါ ၊ ကေအင်န်ယူ တို့က ယခင် သူတို့ အပိုင်စား နယ်မြေများ ဖြစ်သည်မို့ ဒေသခံများ ပီပီ နယ်မြေ ကျွမ်းကျင်လှ သဖြင့် ဘယ်နေရာမှ မပေါ့ဆ တာ က အကောင်းဆုံး ပင် မဟုတ်ပါလား ၊
ဗျူဟာကုန်းကို လှည့်ပတ်ကြည့်ရင်း ကျောက်ခဲလေးတွေ စီထားကာ ကဗ္ဗည်း မှတ်တိုင်လေးတွေ စိုက်ထူ ထားသော နေရာ တစ်ခု ရောက်သွားပါသည် ၊ ```` ကြည်း ၂၀၄၃၈ ဒုဗိုလ် ထွန်းဆိုင် ၊ ခမရ ၉ ၊ •• - ၉ - ၈၇ ရက်တွင် ကျဆုံးသည် ´´´´ ဆိုသော စာတမ်းလေး ဖတ်မိတော့ မျက်ရည်များ ပင် ဆို့ မတတ် ရင်ထဲ ခံစားလာမိခဲ့ပါတော့သည် ၊ တွတ်ပီ နှင့် ဗိုလ်သင်တန်း တစ်ပါတ်စဉ်ထဲ ဖြစ်သည့် အပြင် အိပ်ဆောင်ကလည်း တစ်ဆောင်ထဲ ၊ အိပ်ယာ ကုတင် ၃ လုံးသာ ခြားသည့် ကသ ၁၀၂ ကြီး ဒီမှာ လဲလျောင်း နေပါလား ဆိုသည့် အသိကြောင့် ဗိုလ်လောင်းဘဝက အတူ နေခဲ့သည့် အရိပ်တွေပင် ပြန်မြင် နေသလိုလို ၊ ပုခုန်းပေါ်က အပွင့်လေး သက်ဆိုး မရှည်ခဲ့တဲ့ သူငယ်ချင်းရယ် ဟု မချိတင်ကဲ ညည်းမိသည် ၊ ဇူလိုင်မှာ ကျောင်းဆင်းပြီး စက်တင်ဘာမှာ ကျဆုံး တာဆိုတော့ သူ့ခမျာ အရာရှိ လစာလေးကို တောင် စားသွားရမထင် ၊ ကံပေါ့လေ ၊
ဒါကလည်း ပေါ့ဆမှုကြောင့် အသက်ပေးခဲ့ရသည့် ဖြစ်စဉ် တစ်ခုပါပေ ၊ ပွိုင့် ၁၂၇၉ ၏ အရှေ့ဘက် တွင် တောင်ကုန်း ကြောဆင်းလေး တစ်ခုရှိသည် ၊ ထိုကြောလေးကို ခြံစည်းရိုး ၃ ထပ်ကာရံ၍ ပင်မ စခန်း၏ ရှေ့ကာ အဖြစ် တပ်စုတစ်စု နေရာယူ တပ်စွဲထားသည် ၊ ထိုတပ်စုမှူး မှာ ကိုထွန်းဆိုင် ပါပေ ၊ ကာလူးကုန်းနှင့် ခပ်ဖလူး ကုန်းများ ရန်သူ့လက်အောက် ရောက်ရှိ နေချိန်မို့ ရန်သူနှင့်ကလည်း မနီးမဝေး အနေအထား ၊ နယ်မြေ ကျွမ်းကျင်သော ရန်သူတို့က ညအချိန် ရှေ့ကာ ကုန်းကို တက် ကပ်သည် ၊ မိုးအေးအေး မှာ အိပ် ငိုက်နေသော ကင်းသမားက မသိ ၊ စခန်း ခြံစည်းရိုး ၃ ထပ်မြောက် ဖောက် အပြီးမှ ကင်းသမားက သိကာ ထပစ်တော့ ရန်သူက လက်တကမ်း အလို ရောက်နေပြီ ၊ အနီးကပ် လုံးထွေးကြရင်း ကိုထွန်းဆိုင် အပါအဝင် ၆ ယောက် ကျဆုံးခဲ့ရသည် ၊ ပင်မကုန်းမှ အချိန်မီ ပစ်ကူ ပေးနိုင်ပြီး လူအင်အား ထပ်မံ ဖြည့်ပေး နိုင်မှု တို့ကြောင့် ကာကင်း စခန်း ကိုတော့ ရန်သူတို့ မသိမ်းပိုက်နိုင်ပဲ ပြန်ဆုတ် သွားရသည် ၊ ဒါက တပ်မ ၄၄ မှ သူငယ်ချင်း များနှင့် ဆုံစဉ် သူတို့ ပြောပြသည့် သတင်း ၊
ကိုထွန်းဆိုင်နှင့် အတူ ကျဆုံးမြုတ်နှံထားသော စစ်သည်များ ကို အလေးပြုကာ ပင်မကုန်းပေါ် ပြန်ရောက်တော့ ဗျူဟာမှူးကြီး ဂေါက်တန် တစ်ချောင်း ကိုင်ကာ ဂေါက်ရိုက်နေပေါ့ ၊ အကျယ် ပေ ၁၀၀ ခန့်သာ ရှိသော ထိုတောင်ကုန်း မြေ ပြန့်လေး တလျှောက် အချိုရည်ဗူးလို ပလပ်စတစ် ဗူးခွံလေး မြေမှာ ချကာ သူက တစ်ချက်ရိုက်လိုက် ၊ သူ့တပည့်က ဗူးခွံ လေး ပြန်ကောက် ပစ်လိုက် ပေါ့ ၊ တကယ့် ဂေါက်သီး အစစ်နဲ့တော့ ဘယ် ရိုက်လို့ ဖြစ်ပါ လိမ့် မလည်း ၊
ဗျူဟာကုန်းပေါ်မှာ နေရခိုက် ဗျူဟာမှူးကြီး ကို အကဲခတ်ရသည်မှာ အလွန်ပင် စိတ်သဘောထား ကောင်းလှပါသည် ၊ အသံကျယ်ကျယ် စကား ပြောသည် ကိုပင် မကြားဘူးပါ ၊ ဂေါက်တန်လေး တစ်ချောင်းနဲ့ ဟိုရိုက် သည်ရိုက် လုပ်လိုက် ၊ တဲထဲ ပြန်ဝင်သွား လိုက်နှင့် ဖြစ်ပါသည် ၊ ညနေပိုင်း ရောက်လျှင်တော့ အာမီရမ် ပုလင်း ဖွင့်ဟန် တူပါသည် ၊ တစ်ညနေ သူ့ဝါး စားပွဲလေးပေါ် ထိုင်နေရင်း တွတ်ပီ ကို လှမ်းခေါ်ပါသည် ၊ ```` မဲလ တုန်းက မင်းပါလား ´´´´ တဲ့ ၊
တွတ်ပီက ပါဝင်ပါကြောင်း ၊ ဗျူဟာမှူးကြီး နှင့်စက်ပေါ် စကားပြောရ ပါကြောင်း အကျိုးအကြောင်း ရှင်းပြရာ ၊ ```` တစ်သုံးလုံး ကို ကယ်လိုက်တာ မင်းပဲကွ တွတ်ပီရ ၊ အဲဒီအချိန် မင်းတို့ တစ်ရင်းလုံး ပင်းဒေါင်း မိနေတာ ၊ မင်း သိမ်းမိတဲ့ ကာကင်းကုန်း ကြောင့် အသက်ရှူ ချောင်သွားတာ၊ မင်းကို ဘွဲ့တံဆိပ် မတင်ဘူးလား ´´´´ တဲ့ ၊ တွတ်ပီလည်း ``` သူရ ´´´ ဘွဲ့ တင်ထား ပါကြောင်းပြန်လည် တင်ပြရာ ရသင့်တဲ့ လူတွေ ပါကွာ ဟု ပြန်ပြော ပါသည် ၊ ဗျူဟာ အရန် အဖြစ် နေစဉ် အတွင်း ယခု မှ လက်နက် ခဲယမ်းများ စုပုံ နေဆဲ ဖြစ်ကြောင်း ၊ မိုးတွင်း ဖြစ်၍ သွားလာ ရွှေ့ပြောင်းမှု မလွယ်ကူ သဖြင့် စခန်းသိမ်းပွဲ စတင်ရန် အတန် ကြာ လိမ့်ဦးမည် ဖြစ်ကြောင်း သိရပါသည် ၊
စပ်စု တတ်သော တွတ်ပီ တစ်ယောက် ဗျူဟာ ရှိ တာဝန်ရှိသူ တစ်ယောက်ထံ မေးမြန်း စပ်စု ချက် အရ ဝမ်ခသစ် စခန်း တိုက်ပွဲနှင့် ပတ်သက်၍ ယခု အချိန်ထိ တိုက်ပွဲ ကျဆုံး ၊ ဒဏ်ရာရ { ၇၀၀ } ကျော်ပြီ ဖြစ်ကြောင်း သိရသော်လည်း ကျဆုံးက ဘယ်နှစ်ယောက် ၊ ဒဏ်ရာရ က ဘယ်လောက် တွတ်ပီ ခွဲခြား မေးမြန်းခြင်းတော့ မပြု ခဲ့တော့ပါ ၊ ဒါတွေက ထိပ်တန်းလျိှု့ဝှက် သတင်း တွေလေ ၊ ပြင်ပ ပေါက်ကြား လို့မှ မရတာ ဆိုတော့ ဆက်မစပ်စု လိုတော့ပါ ။
*** စခန်း မတိုက်ရခင် အချိန်ရတုန်း လေး အဖြစ်မှန် ဗဟု သုတ တချို့ ရောသမ ပေး လိုက်ပါတယ် ၊ သမိုင်းကြောင်း သိထားတော့ ဒီစခန်းရဲ့ အရေးပါပုံ နှင့် တိုက်ခိုက်ရ ခက်ခဲ ပုံတွေ ကြို သိရသလို ကိုယ်ချင်းလည်း စာနိုင်ကြတာပေါ့ ဗျာ ၊ တိုက်ပွဲ ရေးတာက လွယ်လွယ် လေးရယ် ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@@

Comments
Post a Comment