***** တပ်ချုပ်ကြီးနှင့် အတူတွဲ၍ တိုက်ခဲ့ သော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၂၀ } *****
အနားပေး ထားသည့် ၂ ရက်အတွင်း ကိုယ်စီ လက်နက်ခဲယမ်းများ တိုက်ချွတ်ရေးကို ဦးစား ပေး ဆောင်ရွက်ကြရပါသည် ၊ စည်းစနစ် ကြီးလှစွာသော တွတ်ပီ တပ်ခွဲမှူးက သူကိုယ်တိုင် တပ်စု အလိုက် တန်းစီ စစ်ဆေးသည် ၊ မိုးထဲ ဗွက်ထဲမှာ နေကြရသော ဘဝ တွေမို့ သေနတ်ပြောင်းရင်းတွေထဲ ရွှံ့ တွေ မြေကြီး တွေကဝင် ၊ ရဲဘော်များခမျာလည်း နားချိန် မရှိ ဆိုတော့ ထိုကာလ ကျမှပဲ လက်နက် အားလုံး ပြောင်စင်အောင် သေခြာစွာ စနစ်တကျ တိုက်ချွတ်ခွင့် ရခဲ့ပါသည် ၊
နောက်တစ်နေ့မှာတော့ တိုက်ပွဲ အတွက် ထပ်မံဖြည့်တင်း ပေးသော အရန် ခဲယမ်းများကို ကာလူး တောင်ခြေ အနီးက အမြောက် စခန်းနား သွားထုတ် ရသည် ၊ ၇့ ၆၂ ကျည်များ ၊ ၂ လက္မ စိန်ပြောင်း ဗုံးသီးများ နှင့် လက်ပစ်ဗုံးများ ထပ်မံ ထုတ်ပေးခြင်းဖြစ်သည် ၊ တပ်ခွဲမှူးက တပ်ရင်းမှူး ၊ ဗျူဟာ မှူး တို့နှင့် အတူ စခန်းသိမ်း တိုက်ပွဲ အတွက် စစ်ကူ ပစ်ကူများ အသေးစိတ် ညှိနှိုင်း နေသည်မို့ မလိုက်နိုင် ၊ တပ်ခွဲ ကိုယ်စား တွတ်ပီ ပဲ ဦးစီးပြီး သွား ထုတ်ရတော့ ထူးခြား မှုများ သတိပြုမိခဲ့သည် ၊ ပထမ သတိထား မိသည်က တပ်မတော်သုံး ခဲယမ်း မီးကျောက်များ ရှားပါး နေခြင်း ကိုပါ ၊
ထိုအချိန်က ၁၉၈၉ ခု ဇူလိုင်လ မှာ လက်ခံရရှိခဲ့သည့် ကပစ ထုတ် ၇့  ၆၂ မမ ကျည် အဆိုင်း နံပါတ်များကို ကြည့်လိုက်ရာ ၊ အဆိုင်း အမှတ်များ မှာ { ၆ / ၈၉ } တွေပါ ၊ ကြုံဘူးသူများတော့ သဘောပေါက်ပါလိမ့်မည် ၊ ဇူလိုင်လ အတွင်း ထုတ်ရသော ကျည်များမှာ ပြီးခဲ့သည့် ဇွန်လကမှ ကပစ မှ ထုတ်လုပ် ထားသော အသစ်စက်စက် ကျည်များ ဆိုတော့ ဘယ်လောက်တောင် အရေးပေါ် နေ့ရော ညပါ အဆိုင်းတွေ ခွဲပြီး မနားမနေ ထုတ်လုပ်နေရကြောင်း သိသာနေပြီ ၊ တွတ်ပီ တို့ ဗမာ့ တပ်မတော်တွင် ``` အကြာဆုံး ပစ္စည်း ဦးစွာ ထုတ်ပေး ´´´ စနစ်ဆိုတော့ ခဲယမ်း အခြေအနေက သည် လောက်ဆို တွက်ချက် ၍ ရပြီ ၊
ထို့အတူ အမြောက်စခန်းမှာ စုပုံထားသော ယမ်းတိုက်အတွင်း ဝင်ကြည့်မိတော့ အမြောက် ကျည် အခြေအနေမှာလည်း သိပ်မကောင်း ၊ တိုက်ပွဲကြီး တစ်ပွဲ အတွက် လုံလောက်သော စုပုံထား မှုမျိုး မဟုတ်ကြောင်း တွတ်ပီ ရိပ်စား သိရှိ လိုက်မိသည် ၊ တွတ်ပီ ဆိုသည့်ကောင်က လွန်ခဲ့သော ၁၀ နှစ်ကျော် ၊ ၁၉၇၈ ခုနှစ်များ ဆီ ကတည်းက အမြောက်ပစ်ကူ တွေ နှင့် အကြိမ်ကြိမ် စစ်တိုက် လာသည့် ကောင်လေ ၊
ပြီးခဲ့သော ဖြစ်စဉ် ဖြစ်ရပ်များ ပြန်သုံးသပ် ကြည့်ရုံ ဖြင့် တွတ်ပီ တို့ တပ်မတော် မှာ ပြည်တွင်း ကပစ { ကာကွယ်ရေး ပစ္စည်း စက်ရုံ } ထုတ် လက်နက် ခဲယမ်းများ မှလွဲ၍ ကျန် လက်နက်ခဲယမ်းများ လွန်စွာ နည်းပါးနေသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါ ၏ ၊ ၁၉၈၈ အရေးအခင်း ကြီးနှင့် အပြိုင် မိုင်းယန်း ၊ မဲသဝေါ တိုက်ပွဲ ကြီးများ ဖြစ်ပွားခဲ့ရာ အမြောက်လို ပစ်ကူပေး ခဲယမ်းတွေ မြောက်များစွာ အသုံး ပြုပြီး အမိမြေကို ကာကွယ် ခဲ့ရသည် ၊ အရေးအခင်း အပြီး ဗကပ ပြိုကွဲသွားသည့်အခါ ကေအင်န်ယူ ကို အဓိက ပစ်မှတ်ထား၍ နယ်စပ်ဒေသ အခိုင်အမာ စခန်းများ တိုက်ခိုက် သိမ်းပိုက် နိုင်ရေး အတွက် စစ်ရာထူး ခန့်ချုပ် ဗိုလ်ချုပ် မောင်လှ ကို တာဝန်ပေးကာ စစ်ဆင်ရေးကြီး ဆင်နွဲခိုင်းသည် ၊ မော်ဖိုးကေ ၊ မဲလ ၊ ဝမ်ခ ဟောင်း စသည့် စခန်းသိမ်း တိုက်ပွဲများ တွင် အမြောက်ပစ်ကူများ ဖောခြင်း သောခြင်း သုံး၍ စခန်းများ သိမ်းပိုက်နိုင်ရေး လုပ် ဆောင်ခဲ့ကြရသည် ၊ ယခု တွတ်ပီ တို့ ရင်ဆိုင်ထားသော ဝမ်ခ သစ် စခန်းကိုပင် ပြီးခဲ့သည့် မေလ က မှ အမြောက်ပစ်ကူ များဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင် ခဲ့ ပြီးပြီ မဟုတ်ပါလား ၊
သည်တော့ အဖြေက ရှင်းနေပြီ ၊ တပ်မတော်တွင် အမြောက်ကျည်များ ရှားပါး ပြတ်လပ်နေ ပြီး အလုံ အလောက် မရှိတော့ ၊ စစ်အစိုးရ တက်လာသည်မှာ မကြာမြင့်သေးသော ကာလမို့ နိုင်ငံတကာ ဝိုင်းဝန်း ပိတ်ဆို့မှု များကြောင့် နိုင်ငံခြား သုံးငွေ { ဒေါ်လာ } ကလည်း ရှားပါး ပြတ်လပ် နေ ၊ နိုင်ငံခြား သုံးငွေ ရှိနေသည် ဆိုဦးတော့ စစ်လက်နက် ပစ္စည်း များ ကို ဝယ်ယူခွင့် ပိတ်ပင် ခံထားရသည့် ကာလမို့ ဘယ်လိုမှ လုံလောက် အောင် ဝယ်ယူ မဖြည့် ဆည်းနိုင် ၊ ရင်မောဘွယ်ရာ ပကတိ အခြေ အနေ မှန်များ ပါပေ ၊
သည်ကြားထဲ တွတ်ပီ ကြားသိထားသော အတွင်း သတင်းတစ်ရပ်လည်း ရှိပါသေး၏ ၊ ဝမ်ခသစ် စခန်းကို မေလ ကထဲက လာရောက် ရင်ဆိုင် တပ်စွဲထားသော အမြောက်တပ်ဖွဲ့များ အခြေအနေပါပေ ၊ စခန်း တိုက်သည့် ခြေလျင် တပ်များသာ တစ်တပ်ပြီး တစ်တပ် ချိန်းသွားသည် ၊ အမြောက်များ နှင့်အတူ တပ်ဖွဲ့ဝင်များကား နေမြဲ အတိုင်း ရင်ဆိုင် စခန်းများ မှာသာ ၊ ထိုအခါ ရန်သူ့ စခန်းထဲသို့ မထင်လျင် မထင်သလို အမြောက်ဖြင့် ထပစ် ကြသည် ၊ စခန်းတွင်းရှိ ရန်သူကလည်း အမြောက် စခန်းများဆီ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်တတ်သဖြင့် သူတို့ မပစ်ရဲ အောင် ဦးနှိမ်ပစ်ခတ် ထားခြင်းလည်း ဖြစ်ပါလိမ့်မည် ၊ ထိုစခန်းရှိ အမြောက် စစ်သည်များ အကြား ဆိုရိုး စကားပင်ရှိကြောင်း တွတ်ပီ ကြားခဲ့ဖူးသည် ၊ ```` ဖဲရိုက်နေရင်း ဖဲရှုံးသည့် စစ်သည်က အမြောက် ပစ်ခလုတ် ကြိုး ဆွဲကြေး ´´´´ ဟူ၍ ၊
ဆိုလိုချင်သည် က ထိုသို့ အခြေအနေပေါ်မူတည် ၍ ပစ်ခတ် သုံးစွဲထားသော အမြောက်ကျည်များကို အမှန်တကယ် စစ်ထွက် မပြသေးပဲ ကြို တင် ပစ်ခတ် သုံးစွဲထား မှုတွေ ရှိနေသည် ဆိုခြင်းပါ ၊ တကယ့် စခန်းသိမ်း တိုက်ပွဲတွင်မှ ကျည်သုံးစာရင်း ထဲ ရောပြလိုက်လျင် သည်ကိစ္စက ပြတ်ပြီလေ ၊ အမြောက်ကျည် လက်ကျန် စာရင်းတွင် အ မြောက်တစ်လက် အတွက် ကျည် ၅၀ တောင့် စာရင်း တွင် လက်ကျန် ဖော်ထား သော်လည်း အမှန်တကယ် မြေပြင် လက်ရှိ စာရင်းတွင်မူ ထိုထက်မက လျှော့နည်း ကျန်ရှိနေသည်ကို ပြောလိုခြင်း ပင် ဖြစ်ပါသည် ၊ ဘက်ပေါင်းစုံ က အဆင်မပြေ ၊ အခက်အခဲတွေ နှင့် ရင်ဆိုင် ကြုံ တွေ့ နေရချိန် မှာ တကယ့်စခန်းသိမ်း တိုက်ပွဲ ဆင်နွဲ ရတော့မည် ဖြစ်သော တွတ်ပီ တို့ ခြေလျင် စစ်သည်များ ပါပေ ၊
ခဲယမ်း ထုတ်ရာမှ ပြန်ရောက်ပြီး မကြာမီ မှာပင် စစ်ဆင်ရေး ညှိနှိုင်း အစည်းအဝေး တက်ရောက်ရာမှ တပ်ခွဲမှူးလည်း ပြန်ရောက် လာပါသည် ၊ တွတ်ပီအား ထုတ်ယူလာသော ခဲယမ်း အခြေအနေများ မေးမြန်း ပြီး တပ်စု တပ်စိတ်အလိုက် အရန် ကျည်များ ဖြန့် ဝေပေးကာ ညနေ ၅ နာရီ တွင် တပ်စုမှူး ၊ တပ်စု တပ်ကြပ်ကြီးများ နှင့် တပ်စိတ်မှူးများ အထိ စစ်ဆင်ရေး ညွှန်ကြားချက် အစည်း အဝေး ရှိကြောင်း မှာကြားပါသည် ၊ နေ့လယ် ပိုင်းတော့ စစ်သည်အားလုံး အပြည့်အဝ အနားယူ ထားကြရန်နှင့် ညနေပိုင်းတွင် နောက်တန်းမှ တက်လာသော လစာပေး နှင့် အင်အားဖြည့် အဖွဲ့ ရောက်လာမည် ဖြစ်ကြောင်းလည်း ပြောကြားလိုက်သ ဖြင့် အိမ်သူ မသေးမျှင်ထံက ချစ်လွမ်း သဝဏ်လွှာ လေး တွေ ဖတ်ရတော့မည် ဖြစ်သဖြင့် တွတ်ပီ အလွန်ပျော် သွားပါသည် ၊
ညနေပိုင်း ရောက်တော့ တပ်ခွဲရုံးနေရာမှာ စစ်ဆင်ရေး ညွှန်ကြားချက် အစည်းအဝေး ပြုလုပ်ပါသည် ၊ တပ်စိတ်မှူး များ အဆင့်ထိ တက်ရောက် ပြီး တပ်ခွဲမှူး ဖြစ်သူ ဗိုလ်ကြီး မင်းအောင်လှိုင်က အောက်ပါ အတိုင်း အကျဉ်းချုပ် ရှင်းပြပါသည် ၊ ```` မနက်ဖန် ညနေ ပိုင်းတွင် စခန်းသိမ်း တိုက်ပွဲ စတင် ဆင်နွဲမည် ဖြစ်ကြောင်း ၊ ညနေ ၃ နာရီ တိတိတွင် မိမိ အမြောက်များ ရန်သူကို ကြိုတင် ချေမှုန်းပစ်ခတ်မှု စတင်မည် ဖြစ်ပြီး ထိုအချိန်တွင် စစ်သည်အားလုံး ဆက်သွယ်ရေး မြောင်း အတိုင်း ရန်သူ့ သတ်ကွင်း အနီးသို့ ချီတက် ချဉ်းကပ် ထားကြ ရမည် ဖြစ်ကြောင်း ၊ ၁၅၃၀ နာရီ အချိန် အမြောက်တပ်ဖွဲ့များ အပစ်ရပ်သည်နှင့် ခြေလျင် တပ်များ သတ်ကွင်းအား ဖြတ်ကျော်ကာ ရန်သူ့စခန်းအား အနီးကပ် ပစ်ခတ် လှံစွပ်ထိုး တက်ရောက် ချေမှုန်းရမည် ဖြစ်ကြောင်း ´´´´ တို့ကို ရှင်းလင်းပြောကြားကာ ချီတက်ရမည့် အစီအစဉ်များ ကိုလည်း သေခြာ ရှင်းပြခဲ့ပါသည် ၊
တပ်ခွဲမှူး၏ ပြောကြားချက်အရ စခန်းတိုက်စစ်ကို ခမရ ၁၁၆ သည် မြောက်ဘက်ခြမ်းမှ ၄င်း ၊ တွတ်ပီ တို့ ခမရ ၁၁၁ သည် တောင်ဘက် ခြမ်းမှ ၄င်း ချဉ်းကပ် တိုက်ခိုက်ရမည် ဖြစ်ပါသည် ၊ တွတ်ပီ တို့ တပ်ရင်း အနေဖြင့် လည်း၊ စစ်ကြောင်း ၂ ကြောင်းခွဲကာ ဗူးဝ သို့ ချဉ်းကပ်ရမည် ဖြစ်သည် ၊ မှူးဗက စိုးတင့် ဦးစီး တပ်ခွဲ ၄ မှ ခွဲရုံး ၂ စုသည် ဝမ်ခသစ် သွားကားလမ်း၏ ညာဘက်ခြမ်းမှ သတ်ကွင်းအား ဖြတ်ကျော်မည် ဖြစ်ပြီး ၊ ၄င်းတပ်ခွဲမှ ဒုဗိုလ် စိုးမိုးနိုင် { ယခု ဗိုလ်မှူး ရထပ ၁ } ဦးစီး တစ်စုကသောင်ရင်းမြစ်ကမ်း ကာကင်း အဖြစ် ဖြန့်ခွဲနေရာယူကာ ၊ ခွဲ ၂ တစ်ခွဲလုံး နောက်မှ အရန်ထားရှိမည် ဖြစ်သည် ၊ တွတ်ပီ တို့ အိုမီဂါ ရှိတ် ဗူးဝ အလယ် စစ်ကြောင်း ကိုမူ မှူးဗက စိုးဝင်း က တပ်ခွဲ ၅ နှင့် အတူ ဦးဆောင်ကာ ဝင်ရောက် ထိုးဖောက်မည် ဖြစ်ပြီး တွတ်ပီ တို့ ခွဲ { ၃ } တစ်ခွဲလုံးက ထပ်ချပ်လိုက် အရန် စစ်ကြောင်း အဖြစ် လိုက်ပါကာ ရှေ့တပ်ခွဲက ဗူးဝခြံစည်းရိုး များ ထိုးဖောက်ပြီးသည် နှင့် စခန်းအတွင်း အောင်မြေချဲ့ တိုက်ခိုက် သိမ်းပိုက်ရန် တာဝန် ဖြစ်ပါသည် ၊
တပ်ခွဲမှူး ၏ ညွှန်ကြား ရှင်းလင်းမှုအရ တွတ်ပီ တို့ တပ်ခွဲမှာ နောက်ရန် တပ်ခွဲ အဖြစ်သာ လိုက်ပါ ရမည် ဖြစ်သဖြင့် အေးဆေးပါ ၊ ဘယ်စခန်း တိုက်တိုက် ချေမှုန်းရေး တပ်စုမှူး ၊ တပ်ခွဲမှူး တာဝန်သာ အမြဲ ထမ်းဆောင်ခဲ့ရသော တွတ်ပီ တစ်ယောက် သည်စခန်းသိမ်း တိုက်ပွဲကျ မှမကြုံစဖူး ၊ မကြား စဖူး အရန် ဆိုပါလား ၊ ကံဇာတာတွေ တက်ကာ နတ်မြတ် နတ်ကောင်းတွေ မ '' စ ရှာ ပြီ ထင့် ၊ ```` အေးပေါ့လေ ၊ ငါ ညစဉ် ညတိုင်း ၇ ရက် ဆက်တိုက် ရန်သူ့ သတ်ကွင်းထဲ ဝင်ပြီး အသက်နဲ့ ရင်းထားရတာကို တပ်ရင်းမှူးက သနားပြီး အနားပေး တာ ဖြစ်မှာပါ ´´´´ ဟု တွေး ဖြေမိသည်မှ တပါး ကိုယ့်တာဝန် ပေးအပ် လာသည့်အတိုင်း ကျေစေဖို့သာ အဓိက မဟုတ်လား ၊ { သို့ရာတွင် ကျည် အင်မတန် လိုက်သော တွတ်ပီ တစ် ယောက် တကယ် စခန်းတိုက်ရသည့် အခါ ကံကြမ္မာ ဖန်လာချက်က ရှေ့ဆုံးမှ ချေမှုန်းရေး တပ်စုမှူး ပါပဲ ဗျား ၊ ဘာဖြစ်လို့ ဆိုတာ ရှေ့အပိုင်းတွေ ဆက်ကြည့် ကြပါ ၊ တွတ်ပီ ပါဆို ဘယ်တုန်းက သူများ နောက် လိုက်ရလို့လည်း } ၊
ညနေ မမှောင်ခင် အချိန်လေးမှာ နောက်တန်းမှ တက်လာခဲ့သော လစာပေးနှင့် အင်အားဖြည့် အဖွဲ့ ရောက်ရှိလာပါသည် ၊ ထိုအဖွဲ့ကို ဦးဆောင် လာသူမှာ တွတ်ပီ၏ မိခင်တပ် ခလရ { ၇၆ } က ငယ်ဆရာ ဗိုလ်ကြီး ဖြိုးညွန့် { OTS 58 } ပါပေတည်း ၊ သူကား တွတ်ပီ မိခင် တပ်မှ ဗိုလ်ကြီး အဆင့် ရာထူးတိုးပြီး ရန်ကုန်က အိမ်တော်စောင့်တပ် သနက { ၃ / ၄ / ၅ } သို့ ပြောင်းသွား၏ ၊ ထိုမှာနေရင်း ခြေလျင် စစ်သားပီပီ ပါတီဌာနချုပ်မှထောင့်မကျိုးသည့် ပုဂ္ဂိုလ် တစ်ဦးကို ခေါင်းရိုက်ခွဲမှုဖြင့်ဆားဗစ်ကပ် ၅ နှစ်ထိကာ တွတ်ပီ တို့ ခြေလျင် ပြန်ပို့ခံရခြင်းပါ ၊ သူနှင့်အတူ ၇၆ တွင် တာဝန်ထမ်း ဆောင်နေစဉ် ၁၉၈၃ ဇွန်လ အတွင်း ၊ ရှမ်းမြောက် လွယ်ပန်လုံ ဒေသ စစ်ဆင်ရေးတွင် တွတ်ပီပင် ထိမှန်ဒဏ်ရာရခဲ့ ဖူးသည်လေ ၊ { ထိုစစ်ဆင်ရေးလည်း ရေးသားပေးရန် ရှိပါသည် } ၊
သူနှင့်အတူ OTS 77 မှ ကျောင်းဆင်း အရာရှိ ၂ ဦးဖြစ်သော ဒုဗိုလ် ဝင်းဇော် { ယခု ကာစတန် ညွှန်မှူး } နှင့် ဒုဗိုလ် မျိုးတင့်အောင် { ယခု ဗိုလ်မှူးချုပ် ၊ တတက ၁ ကျောင်းအုပ်ကြီး}တို့လည်း အင်အား ဖြည့် ပါလာပါသည် ၊ သူတို့ အထဲမှ ဗက ဖြိုးညွန့်ကို မှူးဗက စိုးတင့် ၏ တပ်ခွဲ ၄ သို့၎င်း ၊ ဒုဗိုလ် ဝင်းဇော်ကို တွတ်ပီ တို့ တပ်ခွဲသို့၎င်း ၊ ဒုဗိုလ် မျိုးတင့်အောင်ကို မှူးဗက စိုးဝင်း၏ ခွဲ ၅ သို့၎င်း အသီးသီး ခွဲဝေ နေရာချထား ခဲ့ပါသည် ၊ ပေး အဖွဲ့နှင့်ပါလာသော ချစ်ဇနီး မသေးမျှင် ၏ လွမ်းသူ့ စာခွေ ကလေးကို ဖတ် ၊ သူ ကြော်လှော် ပေးလိုက်သော ငါးခြောက် ကြော် ၊ ငါးပိ ကြော်လေးများ အဟာရ ပြည့်အောင် စားသုံးရင်း မနက်ဖန် ဆင်နွဲရတော့မယ့် စခန်းသိမ်း တိုက်ပွဲ အတွက် တွတ်ပီ တစ်ယောက် အားမွေးရပြန်သည် တမုံ့ ။
*** တွတ်ပီ ချစ်သော စစ်စာပေ မြတ်နိုးသူများကို လေးစားစွာ တောင်းပန်ပါရစေ ၊ သန်းဘက်ခါ ဇူ ၁၂ မှာ တွတ်ပီ ခရီးသွားရန်ရှိပါသည် ၊ မနက်ဖန်လည်း အိမ်ဆိုင်အတွက် ဝယ်ယူ ဖြည့်တင်း ခဲ့နိုင်ရေး ဈေးသွားဝယ်ရန် ရှိသည်မို့ ဝမ်ခသစ် တိုက်ပွဲ ခေတ္တ ရပ်နား ထားရပါမည် ၊ ဇူ ၁၃ရက်မှ ၂၂ ရက်နေ့ ခန့် အထိ စစ်ကိုင်း မန္တလေး မှာ ရှိနေမှာမို့ ထို အတောအတွင်း စခန်း တိုက်ပွဲ အဆုံးသတ် ပေး ပါမည် ၊ စာအုပ်ထုတ်ဝေသူ တစ်ဦးမှ စာအုပ်ထုတ်ရန် ဆက်သွယ် ညှိနှိုင်းလာသဖြင့် မကြာမီ စာအုပ် အဖြစ်လည်း ဖတ်ရှု နိုင်ကြမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ် ပါသည် ၊ စစ်ကိုင်းနှင့် မန္တလေး တွင် ရောက်ရှိ နေစဉ် အတွင်း လဘက်ရည်လေး ဘာလေး တိုက်၍ ပြုစု လိုသူ များ ဆက်သွယ် နိုင်ပါသည် ခင်ဗျား ၊ { တွတ်ပီကို အရှင်လတ် လတ် မြင်ဘူးတယ် ရှိအောင်ပါ } ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@@

Comments
Post a Comment