***** တပ်ချုပ်ကြီးနှင့် အတူတွဲ၍ တိုက်ခဲ့ရသော ဝမ်ခသစ် { ကော့မူးရာ } စခန်းတိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၂၁ } *****
စခန်းတိုက်ရမည့် နေ့ မနက်ပိုင်းမှာ တူးထားသော ဆက်သွယ်ရေးမြောင်း ထိပ်အထိ သွားရောက်ကာ တပ်ခွဲမှူး နှင့် အတူ ရန်သူ့စခန်း ဗူးဝ ကို စစ်သုံး မှန်ပြောင်း ကိုယ်စီဖြင့် အနီးကပ် လေ့လာကြည့်ရှုရင်း စစ်ရေးသုံးသပ် ကြရပါလေ၏ ၊ ရန်သူ့ဝမ်ခသစ် စခန်း၏ ဗူးဝ အကျယ်မှာ ကိုက် ၂၀၀ ခန့် ကျယ်ပြန့်ပြီး ကာရံထားသော သံဆူးကြိုးများကိုလည်း ထင်ရှားစွာ တွေ့မြင် နေရပါသည် ၊ ကာရံထားသော သံဆူးကြိုး { ၁၁ } ထပ်ရှိပြီး သံဆူးကြိုးအဆုံး တွင် အလွန် ကြီးမား လှစွာသော { ၃ } ထပ် ကွန်ကရစ် ဘန်ကာ ကြီး တစ်လုံးကို ညာဘက် ကျကျ နေရာတွင် ထင်ရှားစွာ လှမ်းမြင်နေရကာ ဘယ်ဘက်ခြမ်းတွင်လည်း ၂ ထပ် ဘန်ကာများ ၊ ၃ ထပ်ဘန်ကာများ တစ်လုံးနှင့် တစ်လုံး ၁၅ ကိုက်ခန့်စီမျှ ကွာခြားလျှက် အစီရရီ ရှိနေကြောင်း စစ်သုံး မှန်ပြောင်းမှ တဆင့် မြင်တွေ့ နေရပါသည် ၊
မြန်မာ ထိုင်း နယ်စပ်တလျှောက် သောင်ရင်း မြစ်ကမ်းနဘေးနှင့် ဒေါန တောင်တန်း အရှေ့ ဘက်ခြမ်း တဝိုက် နယ်မြေများရှိ အဖိုးတန် ကျွန်းပင် မှန်သမျှ တဘက်နိုင်ငံ သို့ ခုတ်လှဲ ရောင်းချ နေခဲ့သော ကေအင်န်ယူ တို့သည် ဝမ်ခသစ် စခန်းထဲမှ အလွန်ကြီးမား လှစွာသော ကျွန်းပင်ကြီးများ ကိုတော့ တစ်ပင် တလေ မှပင် ခုတ်လှဲ ထားခြင်း မရှိကြောင်း အံ့သြ စဖွယ် တွေ့ရှိ ရပါသည် ၊ ဗူးဝ အဝင်ရှိ သူတို့ အိုဗာဟက် များ အထက်တွင် အလွန် မြင့်မားသော ကျွန်းပင် တန်းကြီး က အုပ်မိုးကာလျှက် ရှိနေကာ မိမိဘက်မှ ပစ်ခတ်သော သွယ်ဝိုက်ပစ် လက်နက်ကြီး { စိန်ပြောင်း လက်နက် } ဗုံးသီးများ မှာ ထိုသစ်ပင်များ ကို ထိုးဖောက်၍ ကျမှသာ သူတို့ အိုဗာဟက်များ ကို ထိမှန် စေနိုင်ကြောင်း တွေ့ရှိရပေသည် ၊ ထို့ပြင် အဖြောင့်ပစ် လက်နက်များ ဖြစ်သော { ၇၅ / ၅၇ မမ } နောက်ပွင့်များ ၊ တိုက်ရိုက်ပစ် အမြောက် များ အနေဖြင့်လည်း ထိုကျွန်းပင် ကြီးများ ကိုသာ ထိမှန် ပေါက်ကွဲ လေ့ ရှိပြီး စခန်း၏ အတွင်းဘက်ထဲသို့ ရောက်ရှိ ပေါက်ကွဲရန် ခဲယဉ်း ကြောင်း မျက်မြင် သုံးသပ် ရပါသည် ၊
တွတ်ပီ တို့ဘက်မှ ခန့်မှန်းထားချက်မှာ ရန်သူ တို့ အနေဖြင့် ဗူးဝ တွင် အိုဗာဟက်တန်း တည်ဆောက်ကာ ပထမ ခံစစ်စည်း အဖြစ် ထားရှိခုခံရန် စီမံထားပြီး ထိုခံစစ်စည်း ကျဆုံးသွားပါက စခန်းအ တွင်းတွင် ဒုတိယ ခံစစ်စည်း တစ်ထပ် ထပ်မံထားရှိ ကာ ဆက်လက် ခုခံ နိုင်သည် ဟု ထင်မြင်ယူဆ ထားခြင်း ပါပေ ၊ ထိုကြောင့်လည်း မှူးဗက စိုးဝင်း ဦးစီး တပ်ခွဲ { ၅ } ဖြင့် ၊ ဗူးဝ ရှိ ခံစစ်တန်း အိုဗာဟက်များ ကို တိုက်ခိုက် သိမ်းပိုက် ရရှိပြီးပါက ၊ ထိုတပ်ခွဲကို သိမ်းပိုက်ပြီး ကတုတ်ကျင်း များတွင် ခြေကုတ်ယူ တပ်စွဲ ထားစေကာ ဒုတိယ ခံစစ်စည်းကို ဗိုလ်ကြီး မင်းအောင်လှိုင် ဦးစီး တွတ်ပီ တို့ တပ်ခွဲ { ၃ } ဖြင့် နောက်တဆင့် တိုက်ခိုက် သိမ်းပိုက် နိုင်ရေး ကြိုတင် စီမံချက် ရေးဆွဲ ဆောင်ရွက် ထားခြင်း ပင် ဖြစ်ပါလေသည် ၊
ရန်သူတို့ အနေဖြင့် အဓိက ခံစစ်နေရာဖြစ်သော အိုမီဂါ ဗူးဝ ကို စက်သေနတ်ကြီးများဖြစ် သည့် ပွိုင့် ၅ လေယာဉ်ပစ် စက်သေနတ် { ၂ } လက် ခန့်နှင့် ဘရောင်နင် စက်လတ် { ၃ } လက်ခန့်ဖြင့် နေရာချထား သည်ဟု ယူဆရပြီး ၊ အခြားဗုံးပစ် သေနတ်များဖြစ်သော အမ် { 72 / 79 } ဗုံးပစ် လောင်ချာများ ၊ 57 mm နောက်ပွင့်ရိုင်ဖယ်လို အဖြောင့်ပစ် လက်နက်ကြီးများ ဖြင့် ပစ်ပိုင်နယ် ကျဉ်းကျဉ်း လေးကို ထူထဲစွာသော တပ်နေရာချထား မှုနှင့် လက်ယှက်ထိုး ပစ်ကူပေးနိုင်သည့် လက်နက် နေရာ ချထား မှုများ နှင့် ပေါင်းစပ်ကာ ကောင်းစွာ ခံစစ်ဆင် နေရာ ချထားကြောင်း တွေ့ရှိရပြီး စခန်းအတွင်း မပင်မပမ်း ကောင်းစွာ စား သောက် နေထိုင်ကာ နေကြ ရသဖြင့် စိတ်ဓာတ်လည်း အလွန်ပင် ကောင်းမွန် မြင့်မားလျှက် ရှိနေကြောင်း လက်တွေ့ မျက်မြင် သုံးသပ် ရရှိ နိုင် ပါလေသည် ၊
ရန်သူတို့၏ အုပ်ချုပ် ထောက်ပံ့မှု အခြေအနေသည် မိမိတို့ တပ်များနှင့် နှိုင်းယှဉ်ကြည့်ပါက အလွန်ပင် မြင့်မားလျှက် နေပါသည် ၊ ဝမ်ခသစ် တစ်ဘက်ကမ်း သောင်ရင်းမြစ် နဘေး အထိ ယိုးဒယားဘက်မှ ကားလမ်းမကြီးရှိနေကာ သောင်ရင်းမြစ်ကို စက်လှေဖြင့် ဖြတ်ကျော် လိုက်သည်နှင့် လိုအပ်သည့် ရိက္ခာ ၊ ခဲယမ်း ၊ လက်နက် နှင့် ဆေးဝါးများ အလွယ် တကူ ရရှိ နိုင်သလို ၊ တိုက်ပွဲအတွင်း ထိမှန် ဒဏ်ရာရှိ ခဲ့ပါကလည်း တဘက်နိုင်ငံ မဲဆောက် ဆေးရုံသို့ နာရီဝက် အတွင်း ရောက်ရှိကာ လိုအပ်သည့် ခွဲစိတ် ဖြတ်တောက်မှု နှင့် ဆေးဝါးကုသမှု အလျှင် အမြန် ရရှိ နိုင်ပါသည် ၊
တွတ်ပီတို့ မြန်မာ့ တပ်မတော်သားများ လက်တွေ့ရောက်ရှိနေရသော ဝမ်ခ စစ်မြေပြင်ကတော့ သူတို့ အုပ်ချုပ် ထောက်ပံ့မှုများနှင့် နှိုင်းယှဉ်လျင် အကွာခြားကြီး ကွာခြားလှပါသည် ၊ ကျည်ဆန် တစ်တောင့် ရရှိရေး ရန်ကုန်မှသည် ပြည်နယ်တိုင်း အလီလီ ဖြတ်သန်းကာ ကားလမ်း အဆုံးဖြစ်သည့် ဗိုလ်ချုပ်လှ ရှိရာ သင်္ဃန်းညီ နောင်သို့ မိုင်များစွာ ကျော်ဖြတ် သယ်ဆောင် ကြရသည် ၊ ထိုမှတဆင့် အထမ်းသမား များဖြင့် ထမ်းပိုးကာ ဝမ်ခ စစ်မြေပြင်ရောက်အောင် မိုင် ၂၀ ကျော်မျှ တောင်ဆင်း ၊ တောင်တက် ခရီးကြမ်းကို မိုးထဲရေထဲ တဗိုင်းဗိုင်း လဲကျရင်း စစ်သည် အစောင့် အရှောက်များစွာဖြင့် ပို့ဆောင်ကြရသည် ၊ အလားတူ မိမိစားသုံးဖို့ ရိက္ခာလေး ရရှိရေး တိုက်ခိုက်ရေး တပ်များ ကိုယ်တိုင် အလွန်ဝေးကွာသော မဲပလဲ လို နေရာမျိုးအထိ သွားရောက် ထုတ်ယူ နေကြရသည် ဆိုတော့ စဉ်းစား ကြည့်ကြပါ ၊ အုပ်ချုပ် ထောက်ပံ့မှု ကောင်းမွန် ခြင်းသည် စစ်ပွဲ တစ်ပွဲ မစ တင်မီ ကပင်လျင် တစ်ဝက် နိုင်ပြီး ဖြစ်သည် ဆိုသည့် ကမ္ဘာကျော် စစ်ပညာရှင် ကြီးများ၏ အဆိုအမိန့်ကို တာဝန်ရှိသူ လူကြီးမင်းများ မကြားဘူး လေကြလျှော့ သလားဟု ထင်မှတ်မှား လောက်အောင် ပင် ချို့ယွင်း ပျက်ကွက် ခဲ့ကြပါပေသည် ၊
ထို့ပြင် နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေအရ ပိတ်ဆို့မှုနှင့် နိုင်ငံခြားငွေ ရှားပါး ပြတ်လပ်မှု ဒဏ် တို့ ပေါင်းစည်း ခံကြရသောအခါ ပြည်တွင်း ကပစ ထုတ် ကျည် ကိုပင် ဖောဖောသီသီ မသုံးစွဲ နိုင်ကြရသော တွတ်ပီ တို့ဘဝ ၊ ရန်သူ ကေအင်န်ယူတို့က M 79 ဗုံးပစ် လောင်ချာသုံး 40 mm လိုဗုံးသီးမျိုး ပလိုင်း အပြည့်ထည့် လွယ်ပြီး ပစ်ခတ် သုံးစွဲ နေနိုင်ချိန်တွင် ၊ တွတ်ပီတို့ မြန်မာ့ တပ်မတော်က တပ်စိတ် တစ်စိတ်လျင် { ၁ } လက်သာ တပ်ဆင် ထားနိုင်သော ထို M79 ဗုံးပစ်လောင်ချာ သမား အတွက် 40 mm ဗုံးသီး { ၂၄ } လုံးတောင် အနိုင်နိုင် ထုတ်ပေးနေရသည့် ဘဝ ၊ ဒါတောင် တွတ်ပီ တို့လို နောက်ဖွင့်သည့် တပ်မများမှာ နိုင်ငံခြားငွေဖြင့် ဝယ်ယူ တပ်ဆင်ရသော M79 တပ်ဆင် မထားနိုင် ၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကို အမြီးဖြတ် ၊ ခေါင်းဆက် တည်ထွင်ထားသော ဘီအေ ၉၃ ခေါ် ပြည်တွင်းဖြစ် ဗုံးပစ် လောင်ချာလို လက်နက်မျိုးကို မဖြစ်ညစ်ကျယ် သုံးစွဲ နေရသည့် အခြေအနေ မှန် တွေပါ ၊ တိုက်စစ် အတွက် လာရောက်တွဲဘက်ပေးသည့် ကက{ ကြည်း } အရန် လက်နက်ကြီး တပ်ခွဲမှ ပွိုင့် ၅ သမားတွေကို မေးကြည့် သောအခါ သေနတ် တစ်လက်လျင့်  5 ကျည် { ၁၀၀၀ } တောင့် နှုန်း ထုတ်ပေးလိုက်ပါသည်တဲ့ ၊ စခန်းထဲရှိ ရန်သူက့ 5 ကျည်လို ဟာမျိုးကို တစ်နာရီ အတွင်း အတောင့် { ၃၀၀၀ } လောက် ပစ်ခတ် သုံးစွဲ နေသည့် အချိန် မှာ ကိုယ့်ဘက်က တိုက်ပွဲ တစ်ပွဲလုံး အတွက် ၊ သုံးစွဲ ပစ်ခတ်ရမည့် ကျည်က { ၁၀၀၀ } ဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့ ၊ သေပြီ ဆရာ ပေါ့ ၊
တပ်ခွဲမှူးနှင့် ဆရာတပည့် နှစ်ယောက် လိုက်မြောင်းထိပ်မှာ အခြေအနေ ကြည့် ပြီးဆုံးမည်မှ မကြံသေး ၊ နေရောင်ဖြင့် ထိုးခံထားရသော မှန်ပြောင်း၏ ရောင်ပြန် ကို စခန်းတွင်းရှိ ရန်သူတို့ လှမ်းမြင်ကြဟန် တူသည် ၊ မကြာမီပင် ပွိုင့် ဖိုက် ကျည် တို့က လိုက်မြောင်း ထိပ် တဝိုက် ``` တ ဖန်း ဖန်း ´´´ ဖြင့် ထိမှန် ပေါက်ကွဲကာ မြေစာလေးတွေက ဖွာကနဲ ဖွာ ကနဲ ၊ ခေါင်းလေးတွေပုကာ နောက်သို့ အသာ ပြန်ဆုတ် ခဲ့ကြရပါလေ၏ ၊ ဆက်နေပြီး ဇွဲကောင်းနေပါက မကြာခင် ရန်သူ့ 57 mm နောက်ပွင့်ရိုင်ဖယ် ခွင်းဗုံး များက လာရောက် ဖက်ရမ်း ပွေ့ဖက် ကြတော့မည် မှာ မုချ ၊
ထိုနေ့ နံနက်စာ ထမင်းကို စောစောပင် စားလိုက်ကြရပါသည် ၊ ဟင်းကတော့ ထုံးစံ အတိုင်း ပဲဟင်းရည် ကြဲကြဲ နှင့် မျှစ်စိမ်း ချက်ပေါ့ ၊ ဝမ်ခ သစ် တိုက်ပွဲစဉ် ကာလ တစ်လျောက်လုံး ဘာ သားစိမ်း ငါးစိမ်းမှ မစားခဲ့ရသည်ကတော့ အလွန်ကို မှတ်မှတ်ရရပါ ၊ မဲလ စခန်းသိမ်း တိုက်ပွဲ နှင့် တော့ အကွာကြီး ကွာခြား လှပါသည် ၊ အထက်ဌာန ကြီးများ စိတ်ဝင်စားမှု လျော့နည်း သွားခြင်း နှင့် သက်ဆိုင်သလို ငွေကြေး သုံးစွဲမှု နှင့်လည်း သက်ဆိုင်သည်ဟုသာ ထင်မြင်ယူဆ ရပါသည် ၊ ကရင် ပြည်နယ် တိုက်ပွဲစဉ် များနှင့် ပတ်သက်၍ ကြားဘူးနားဝ စကား တစ်ခု ရှိခဲ့ပါသည် ၊ ဗိုလ်ချုပ်လှအား စခန်းသိမ်း တိုက်ပွဲများအတွင်း လက်နက်ကြီး ကျည်များ သုံးစွဲမှု များပြားလွန်းကြောင်း အထက်လူကြီးများမှ အပြစ်တင်သည်ဟု ဆို၏ ၊ ထိုအခါ ဗိုလ်ချုပ် လှက အထက်သို့ ပြန်ပြောသည် ၊ ``` ဒါဆို ဒီတစ်ခါ ခဲယမ်းတွေ အစား ဓားမ တွေသာ ရှေ့တန်း ပို့လိုက် ၊ ကျုပ်ရဲဘော်တွေကို ဓားမ နဲ့ တက်ခုတ်ခိုင်းမယ် ´´´´ ဟူ သတတ် ၊ တော်ပါသေးရဲ့ ၊ တွတ်ပီ တို့လည်း ဓားနဲ့ တက်မခုတ် ခိုင်းလို့ ၊
နေ့လယ်ပိုင်းမှာ တိုက်စစ်မစမီ တပ်ခွဲမှူးက ခေါ်ပြောသည် ၊ စစ်ထွက် အီကွေ့မင့် မှလွဲ၍ ကျန် ပစ္စည်းများ ဤနေရာတွင် စုပုံထားခဲ့မည် ၊ တပ်စု တစ်စုလျင် စစ်သည်တစ်ဦးစီ အစောင့် အဖြစ်ထားခဲ့ရန် နှင့် ညနေစာ ထမင်းကိုလည်း အမြောက်များ ကြိုတင် ချေမှုန်း ပစ်ခတ်ခြင်း မစ တင်မီ ညနေ ၃ နာရီ အပြီး စားထား ကြရန် တဲ့ ၊ တပ်စု အတွက် နောက်ချန် ပစ္စည်း စောင့် တစ်ယောက်ထားရန် တွတ်ပီ ၏ အကူရဲဘော်ဖြစ်သူ တပ်သား အတာကို ရွေးချယ် ထားခဲ့ရပါ၏ ၊ ဒါကလည်း အကြောင်းရှိပါသည် ၊ တွတ်ပီက အကူရဲဘော် အလွန်ဖြုန်းသူ တစ်ယောက် ဖြစ်သော ကြောင့်ပါပေ ၊
ဤတပ်ရောက်ပြီး ပထမပါတ် စစ်ဆင်ရေး{ ထောဂေါ } တက်တော့ တွတ်ပီ၏ အကူရဲဘော် ဓနု လူမျိုး တပ်သားမြင့်ဝေ ဆုံးရှုံးခဲ့သည် ၊ ဒိန်းတန်ကြော မှာနေစဉ် အနောက်ဘက်က တောင်ထိပ်ပေါ် မျောက်သွား ပစ်မည်ဆိုကာ တပ်စုရုံးက မော်တာ သမား အောင်ငွေကြိုင် နှင့် ထွက်သွားရာမှ လူရော သေနတ်ပါ ပြန် မရောက်လာတော့ ၊ အောင်ငွေကြိုင်သာ ပြန်ရောက်လာပြီး သူကတော့ တွင်းပျောက်ထဲ ကျသလား ၊ မြေပြိုတဲ့အထဲ ပါသွားသလား မသိ ၊ အလောင်း လက်နက်ပြန်မရ ၊ ထိုဒေသ က အလွန် တောကြီးကာ ထိုသို့ မကြာခဏ ဖြစ်လေ့ ရှိကြောင်း နောက်မှ သိခဲ့ရသည် ၊
မဲလ ပင်မ စခန်းသိမ်း စစ်ဆင်ရေးကျတော့ နောက်အကူရဲဘော် ရဲဘော် တစ်ဦးဖြစ်သော ရခိုင် တိုင်းရင်းသား တပ်သားကျော်စိန် ဆုံးရှုံးခဲ့ရပြန် ၏ ၊ သူကတော့ နောက်ဆုံး စခန်းသိမ်း လှံစွပ်ထိုးစဉ် ရဲဝန့် စွန့်စားစွာ ရန်သူ့ ခြံစည်းရိုးအကြား အသက်ပေး သွားခဲ့ရခြင်း ဖြစ်ကာ ကျဆုံးပြီးမှ ``` သူရဲကောင်း မှတ်တမ်းဝင် တံဆိပ် ´´´ ချီးမြှင့်ခြင်း ခံခဲ့ရပါလေသည် ၊ ထိုကြောင့် ယခု စခန်းသိမ်း တိုက်ပွဲမှာ တော့ တပည့်ကျော်ကို တတိယမြောက်အဖြစ် အဆုံးရှုံး မခံနိုင်ပါ ၊ ဒါတောင် အတာ က ဗိုလ်ကြီးကို အနီးကပ် စောင့်ရှောက်ဖို့ လိုက်ပါရစေ ဇွတ် တင်ပြ နေသဖြင့် ``` ဒါ အမိန့်ပဲ မင်း စစ်သား မဟုတ်ဘူးလား ´´´ ဆိုကာ ငေါက်ငမ်း ၍ မနည်းထားခဲ့ရပါသည် ၊
ညနေစာ ထမင်းကို နေ့လယ် ၂ နာရီ ခွဲမှာ ငပိကြော် ၊ ငြုပ်သီး တောင့်လုံးကြော် ကို ရေဘူးထဲရှိ ရေဖြင့် မျှောချရင်း ဖြစ်သလို ဖြည့်တင်း ပြီးစေကာ ၊ တိုက်ပွဲ ဝင်ဖို့ တပ်များ စီကြရပြီ ၊ ရှေ့မှာ မှူးဗက စိုးဝင်း ဦးစီး တပ်ခွဲ ၅ က ဗူးဝ အလယ် တည့်တည့် မှ ချေမှုန်းရေး တပ်ခွဲဖြစ်သည် ၊ ထိုတပ်ခွဲမှာ တပ်စုမှူး အဖြစ် ဗိုလ်ဇော်မင်း { DSA27 ယခု နေပြည်တော်တွင် ခရိုင် အုပ်ချုပ်ရေးမှူး } နှင့် ဒုဗိုလ် မျိုးတင့်အောင် { ယခု ဗိုလ်မှူးချုပ် } တို့ ပါသည် ၊ တွတ်ပီ တို့ ခွဲ ၃ က ဗူးဝ သိမ်းပြီးမှ အောင်မြေချဲ့ရန် နှင့် ဒုတိယ ခံစစ်စည်းတိုက်ခိုက် သိမ်းပိုက်ရမည့် တပ်ခွဲ မို့ ခွဲ ၅ နောက်မှ ကပ်လျက် လိုင်းနပ် ထိုးရသည် ၊ တွတ်ပီ တို့ တပ်ခွဲမှာက တွတ်ပီ က ရှေ့ပြေး တပ်စုမှူး ၊ နောက်မှာ ဗက မင်းအောင်လှိုင် နှင့် ခွဲရုံး တစ်စု ၊ တပ်ခွဲ နောက်ပိတ် ကိုတော့ ဒုဗိုလ် ဝင်းဇော်{ ယခု ကာစတန် } ဦးစီး တပ်စု ကို ထားရသည် ၊ သူက ကျောင်းဆင်းစ လည်းဖြစ် ၊ ကျောင်းသားဘဝက လာသည့် ဘွဲ့ရ ဗိုလ်လောင်းမို့ ဘာအတွေ့ အကြုံ မှ မရှိသေး ၊
အမြောက်တပ်ဖွဲ့များ က နာရီ တိကျလှပါပေသည် ၊ ၁၅၀၀ အချိန် အတိအကျ မှာ ကာလူးကုန်း ပွိုင့်၁၀၂၈ နှင့် ခပ်ဖလူးကုန်း ပွိုင့် ၁၁၀၈ တို့ဆီက အမြောက်တွေ နှင့် စိန်ပြောင်းတွေ ပြောင်းထွက် သံများ ``` တဖောင်ဖောင် တဂျိမ်းဂျိမ်း ´´´ ထွက်ပေါ်လာသည် ၊ ဆက်သွယ်ရေး မြောင်းထဲက တွတ်ပီ တို့ တိုက်ပွဲဝင် စစ်သည်အားလုံး အထက်ဌာန ညွှန်ကြားချက်အရ တစ်ခု ပြုလုပ်ရပါသည် ၊ သူတို့ စီရင် ပေးပို့ထားသော ရေ ကို မြေပြင်တွင် ၃ ပေခန့် အကျယ် စက်ဝိုင်း သဏ္ဏာန် ရေးဆွဲထား သော အဝိုင်းထဲ လောင်းထည့်ထား၍ ထိုအဝိုင်းထဲ စစ်သည် တစ်ယောက်ချင်း ခြေဖနောင့်ဖြင့် ပေါက်ရခြင်းပါပေ ၊ မဲလ တိုက်တုန်းကတော့ တိုက်ပွဲဝင် စစ်သည်အားလုံး လဘက် တစ်ရိုးစီ ပါးစပ် ဟ ခိုင်းပြီး တွတ်ပီ ဦးစီးပြီး ကျွေးခဲ့ရသည် ၊ ဒီတစ်ခါ တော့ ရေလောင်း ဖနောင့်ပေါက် ဆိုပါလား ၊ ```` မရိုးနိုင်တဲ့ ချစ်ပုံပြင်တွေ မောင်ပြော ခဲ့တာ မြင် ´´´´ ဆိုတဲ့ သီချင်းလေးတောင် တွတ်ပီ နှုတ်ဖျားက တိုးတိုး ညည်း ဆို မိသေး ၊
အမြောက်ပစ် ခတ်မှုတွေနှင့် ကြိုတင် ချေမှုန်းမှု စတင် နေချိန်မှာပင် မမျှော်လင့်သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကာ နောက်ပိတ် တပ်ခွဲ အဖြစ် အေးဆေးစွာ လိုက်ပါရမည် ဖြစ်သော တွတ်ပီ တစ်ယောက် ရှေ့ဆုံးမှ ချေမှုန်းရေး တပ်စုကို ဦး ဆောင်ကာ ဗူးဝ ထဲ ဝင်ခဲ့ ရပါတော့သည် ၊ ဒါမျိုးဆို အင်မတန် ကံလိုက်တတ်တဲ့ တွတ်ပီ အကြောင်း နောက် တစ်ပိုင်း ပေါ့ဗျာ ။
*** ခရီးသွား နေဆဲမို့ ချစ်ပရိသတ်ကို ညှင်းဆဲ ထားသလို ဖြစ်ခဲ့ရ၍ တောင်းပန်ပါရစေ ၊ အချိန်ရလျင် ရသလို ထပ်ရေးပေး မှာမို့ ကျေနပ်ကြ ပါနော် ၊ ခုလည်း စစ်ကိုင်းမှာ အချိန်ရတုန်းလေး အားထည့် ရေးပေးလိုက်ပါတယ် ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@

Comments
Post a Comment