***** တပ်ချုပ်ကြီးနှင့် အတူတွဲ၍ တိုက်ခဲ့ ရသော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၁၈ } *****
ညနေပိုင်း မှာ ဆရာအောင်သိန်းဆွေ နှင့် စစ်သည် ၅ ဦးခေါ်ကာ တပ်ခွဲမှူးထံ သတင်းပို့ရပါ သည် ၊ တပ်ခွဲမှူးက တွတ်ပီ တို့ လက်ရွေးစင် { ၇ }ယောက်ကို လိုအပ်သည်များ မှာကြားပါသည် ```` မကြာမီ ဝမ်ခ သစ်ကို ဝင်ရောက် တိုက်ခိုက်ရတော့ မှာ ဖြစ်ကြောင်း ၊ ဝင်တိုက်ရာတွင် ကိုက် ၁၅၀ ခန့် အကျယ် ရှိနေသည့် သတ်ကွင်း မှာ အဓိက အဟန့်အတား ဖြစ်နေကြောင်း ၊ အရင် တပ်အဆက်ဆက် တိုက်ခဲ့စဉ်ကလည်း ထိုသတ်ကွင်း အတွင်း မှာပင် မိမိ စစ်သည်များ အသက်များစွာ ပေးဆပ်ခဲ့ရကြောင်း ၊ ထို့ကြောင့် သတ်ကွင်း အတွင်း ညအချိန် တိတ်တဆိတ် ဝင်ရောက်၍ ဘီးဟိုက်ကျင်း များ ခွဲကာ အကာအကွယ်များ ကြိုတင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဗိုလ်တွတ်ပီ ဦးဆောင်မှုဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်မည် ဟုလည်း အပြည့် အဝ ယုံကြည်ထားပါကြောင်း ´´´´ တို့ကို သေခြာစွာ မှာကြား ခဲ့ပါသည် ၊
ထိုညက ဝမ်ခသစ် မြောက်ဘက်ခြမ်းမှာနေရာယူ ထားသော ခမရ ၁၁၆ ရင်ဆိုင် နေရာ အထိ တပ်ခွဲမှူး ကိုယ်တိုင် လက်ရွေးစင် အဖွဲ့ကို လိုက်ပို့ပါသည် ၊ စတင်လှုပ်ရှား ရမည့် အချိန်မှာ ည ၁၀ နာရီ နောက်ပိုင်းမို့ သူက မပြန်ပဲ ထိုင်စောင့်နေတာ မြင်တော့ သူ့အတွက် အန္တရာယ်က မသေးလှပါ ၊ ညပိုင်းတွင် အရက်သောက်စား မူးရူးနေကြသော သော ကေအင်န်ယူ တို့က မထင်လျှင် မထင်းသလို ၊ ၆၀ မမ စိန်ပြောင်းဗုံးသီးများ မကြာခဏ ပစ်လွှတ် တတ်သည်လေ ၊ ```` အကိုကြီး စိတ်ချ လက်ချ ပြန်သွားပါ ၊ ညီ အောင်မြင်အောင် ဆောင်ရွက်ပါ့မယ် ´´´´ ဟု အာမဘန္တေ ခံကာ အတင်း ပြန်လွှတ်မှ မပြန်ချင် ပြန်ချင် ပြန်သွား ပါသည် ၊ မနက် မိုး မလင်းခင် သည်နေရာ ကို တစ်ခေါက် သူ ပြန်လာရမှာ မို့ အိပ်ရေး ဝစေချင်ပါသည် ၊
ခမရ ၁၁၆ ၏ တောင်ဖျား အစွန်ဆုံး နေရာ မှ တွတ်ပီ တို့ အဖွဲ့ စထွက်တော့ ည ၁၀နာရီ ခွဲ ပြီ ၊ တွတ်ပီ က ရှေ့ဆုံးမှ ဦးဆောင်ကာ ကျားသစ်ချောင်းနည်း ဖြင့် ရန်သူ့ သတ်ကွင်းထဲ တွားတက်ခဲ့ကြသည် ၊ ခန့်မှန်းခြေ ၁၀ ကိုက်ခန့် တွားတက်မိတော့ စစ်သည် တစ်ယောက် ပထမဦးဆုံး နေရာချထား ခဲ့သည် ၊ နောက်ထပ် ၁၀ ကိုက် တစ်ယောက်နှုန်း ဖြင့် အစွန်ဆုံး လူ အထိ နေရာ ချထားခဲ့ပြီးမှ တွတ်ပီက အလယ်တွင် နေရာ ပြန်ယူကာ ကိုယ်တာ အဖြစ် ကျင်း တစ်ကျင်း တူးဖို့ ပြင်ရပါလေသည် ၊ တစ်ယောက် တစ်ကျင်း ဆိုတော့ ၇ ယောက် ၇ ကျင်းပေါ့ ၊
ည သည်ကား ပိန်းပိတ် အောင်ပင် မှောင်လှ ပါသည် ၊ ရန်သူ့ သတ်ကွင်း မှာ တစ်ကွင်းလုံး ဓာတု ဗေဒ ပေါင်းသတ်ဆေး များ အထပ်ထပ် ပက်ဖြန်း ထားသဖြင့် မြက်ပင် တစ်ပင် ပင် မပေါက် ၊ စခန်းတွင်းရှိ ရန်သူတို့၏ စကားပြောသံများ ၊ ရယ်မောသံများ နှင့် တခါတရံ ပုလင်းပေါက်ခွဲသံ များလည်း လေ အဝေ့ မှာ အတိုင်းသား ကြားနေရ၏ ၊ မထင်လျင် မထင်သလို အတွဲလိုက် ထထ ဆွဲလိုက်သော စက်လတ်သံ ၊ လက်နက်ငယ် သံများကလည်း တဖောင်း ဖောင်း ၊ ဝမ်းလျှား မှေက်လျက်သား နေရာယူထားသော တွတ်ပီ တို့တတွေ ခေါင်းများကို ပြားနေအောင် ဝပ်ထားကြကာ ဘာသံ မှ မထွက် အောင် အထူးဂရု စိုက်လျှက် ၊
သတ်ကွင်း အတွင်း ရောက်ရှိနေသော တွတ်ပီ တို့ အဖွဲ့တွင် ဓားမြောင် { သို့မဟုတ် } လှံစွပ် တစ်ချောင်းစီ မှ လွဲ၌ ဘာလက်နက်မှ မပါပါ ၊ ခေါင်းဆောင်ဖြစ်သူ တွတ်ပီ မှာပင်လျင် ၉ မမ ပစ္စတို တောင် မယူဆောင် ခဲ့ပါချေ ၊ အဓိက တာဝန်မှာ ရန်သူကို သတ်ဖို့ မဟုတ်မူပဲ ကိုယ့်တာဝန်ကျ ကျင်း ပြီးအောင် တူးဖို့ပဲ ဆိုတော့ ဘာလက်နက်မှ မယူလာခဲ့ခြင်း ဖြစ်ပါသည် ၊ စခန်း တွင်းရှိ ရန်သူတို့ကလည်း လက်နက်ငယ် များဖြင့် သာမက ၆၀ မမ စိန်ပြောင်း ဖြင့်လည်း မကြာမကြာ သတ်ကွင်းဆီ လှမ်းပစ် တတ်ကြပါသေးသည် ၊ သူတို့ ဘယ်လောက်ပစ်ပစ် ၊ ကံဆိုး ကံကောင်း ဟုသာ အောက်မေ့ကာ တွတ်ပီ တို့မှာ ကိုယ့်တာဝန် ကျေစေရေး သာ ၊
အကျယ် ၈ လက်မ ၊ အနက် ၃ ပေခန့် ကျင်း တစ်ကျင်း ရဖို့ သာမန် အချိန်များ ဆိုလျင် ၁၅ မိနစ် ခန့်ထက် ပို မကြာ နိုင်ပါ ၊ သို့ရာတွင် ပါလာသည့် ဓားမြောင် လေးဖြင့် ရန်သူ မကြားအောင် ကြိတ် တူးဆွ နေရသော တွတ်ပီ တို့အဖို့ ကျင်းထဲက မြေစာ လက်တစ်ဆုပ် အပေါ်ရောက်ဖို့ ၅ မိနစ် ခန့် အချိန်ပေးရပါသည် ၊ လက်ရွေးစင် အဖွဲ့မှာ နာရီ ပတ်ခွင့်က တွတ်ပီ တစ်ယောက်သာ ရှိသည် ၊ ဒါတောင် အလင်းပြန် မည် စိုးသဖြင့် ကက်ဆီယို ပလပ်စတစ် ဓာတ်ခဲ နာရီ အမည်းရောင် လဲလှယ် ပတ်ခဲ့ရသည် ၊ နာရီ ကြည့်လိုက် ၊ မှောက်လျက်သား က အသံ မထွက်အောင် ကျင်းလေး ဆက်တူး လိုက်နှင့် အချိန်နာရီ များက ကုန်ခဲ လှ ပါဘိ တောင်း ၊
နံနက် ၁ နာရီ ခွဲ လောက်မှာ ကျင်းတစ်ဝက် ကျော်လောက် တူးပြီးပြီ ၊ ကန့်သတ်ထားသည်က မနက် ၄ နာရီမထိုး မီ ကျင်းအားလုံး တူးပြီး ဖြစ်ရမည် ဖြစ်သဖြင့် သတ်မှတ်ချိန် ပြီးစီးရေး သိပ်တော့ စိတ်ပူ စရာ မလို ၊ တပည့်ကျော်များ ဘက် အခြေအနေ လှမ်း အကဲခတ်ရာ မည်သည့် လှုပ်ရှားမှုမှ မတွေ့မြင်ရသလို ၊ ဘာသံ မှလည်း ထွက်ပေါ်လာခြင်း မရှိ၍ ကျေနပ်ရသည် ၊ ထို အခိုက်မှာပင် စခန်းအတွင်း မှ ``` ဖောင် ´´´ ကနဲ ပြောင်းထွက်သံ တစ်ချက် ကြားလိုက်ရ၍ အတွေ့ အကြုံအရ ရန်သူ ၆၀ မမ တစ်လုံး လွှတ်လိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရ ၏ ၊ ရန်သူ့ ၆၀ မမ က သတ်ကွင်း အလယ်ခေါင် ကောင်းကင်ယံ ပေါ်မှာ ``` အုမ်း ´´´ ကနဲ ပေါက်ကွဲကာ သတ်ကွင်း တစ်ကွင်းလုံး လင်းထိန် သွားပါလေသည် ၊ ထင်မှတ်မထားသော ဖြစ်ရပ်ကြောင့် ခန္တာ ကိုယ်ကို ပြားကပ်နေအောင် မြေတွင် ကပ်ဝပ် ၍ ကျင်း ဆက်မတူးပဲ ငြိမ်နေရပါလေသည် ၊ စင်စစ် ရန်သူတို့က လေထီး မီးကျည် ပစ်ဖောက်၍ သူတို့ သတ်ကွင်း အတွင်း ညအမှောင် အကာကွယ်ယူကာ မိမိ တပ်များ ဝင်မလာစေရန် ကြိုတင် ဟန့်တား ကာကွယ်ထားခြင်းပါ ၊
သည်လို လေထီးမီးကျည် လွှတ်တင်ခြင်းက မဲလ ရင်ဆိုင် စခန်းများတွင် နေရစဉ်က အတွေ့အကြုံ များလှပြီ ၊ ထိုစဉ်ကလည်း ကေအင်န်ယူတို့က သူတို့ စခန်းအနီး ညအချိန် မချဉ်းကပ်စေနိုင်ရေး မကြာခဏ လေထီးမီးကျည် ပစ်လွှတ်တတ် ကြသည် ၊ သည်အတိုင်း ထားလျင် မီးကျည်က ကောင်းကင်ယံ မှာ အချိန်အတော်ကြာ လင်းထိန်နေတတ် သဖြင့် တွတ်ပီ တို့က အောက်မှ နေ၍ လက်နက်ငယ်များဖြင့် ဝိုင်းပစ်ကြသည် ၊ ထိုအခါ လေထီးမှာ ကျည်ဆံ ပေါက်များစွာ ဖြစ်ပေါ်ပြီး လေထဲ ကြာကြာ မနေနိုင်တော့ပဲ မြေပြင်ပေါ် မြန်မြန်ပြုတ်ကျ လေတော့သည် ၊ ယခုကား လေထီးကို အောက်က လူတွေက မပစ်ကြတော့ ကောင်းကင်ယံ မှာ မီးတထိန်ထိန် နှင့် အကြာကြီး ၊ တွတ်ပီတို့ အသက်တွေ ဘယ်လို ရှူနေမှန်းပင် မမှတ်မိတော့ ၊ အမြီးလည်း မနန့်ဝန့် ၊ နားရွက်လည်း မခပ်ဝန့် တွတ်ပီ တို့ ဘဝ များ ရယ်ပါ ၊
၁၅ မိနစ်ခန့် ကောင်းကင်ယံ လင်းထိန်နေစဉ် အတွင်း စခန်းတွင်းရှိ ရန်သူတို့ကလည်း သတ်ကွင်းထဲသို့ မှန်းပစ် ရမ်းပစ် တ ဒိုင်းဒိုင်း ပစ်ကြပါလေသည် ၊ ကံကောင်း ထောက်မ စွာဖြင့် တစ်ယောက်မှ မထိ ၊ ကိုရွှေ လေထီးက တအိအိ ဖြင့် မြေပြင်ဆင်းသက်လာပြီး ငြိမ်းသွားမှသာ အသက်ပြင်းပြင်း ရှူရဲ ကြပါ၏ ၊ အသက်ကို ထုပ်ထားတဲ့ ဖက်စိမ်း နု နု လေးကလည်း ပါးလွန်း လှပါတကားဟု ထိုခဏ မှာ တွတ်ပီ တွေးမိ ပါသေးသည် ၊ မိမိတို့ တပ်မတော် ကြီး များ ဆင်းရဲချက် ၊ တိုက်ပွဲ ကြီးငယ် အသွယ်သွယ် တိုက်ခဲ့ဘူးသော တွတ်ပီ တစ်သက် တပ်မတော်ဘက်က ပစ်သည့် မီးကျည် ဆို၍ တစ် ကြိမ်သာ မြင်ခဲ့ဖူးပါသည် ၊ ၁၉၇၈ခုနှစ် ဖေဖော်ဝါရီလက ကွမ်းလုံ မြောက်ဖက် က လွယ်ပြင်းရဲ ရှိ ခလရ ၄ စခန်း ဗကပများ တိုက်ခံရစဉ် ရန်သူများ ည တက်လုံးမည် စိုးသဖြင့် ကွမ်းလုံ အမြောက်စခန်မှ လေထီး မီးကျည် ပစ်ဖောက် ထွန်းညှိ ပေးခဲ့ခြင်းပါ ၊ { တွတ်ပီ ရေးသား ထားသော ရဲမင်းအောင် စစ်ဆင်ရေး **၁၉၇၈ ** တွင် ပါ ပါသည် } ၊
ထိုစဉ်က နိုင်ငံ ကိုယ်စားပြု တွတ်ပီတို့ တပ်မတော် ကြီးသည် လွန်စွာ ဆင်းရဲလှပါ၏ ၊ ဝမ်ခသစ် စခန်းထဲရှိ ရန်သူတို့က သံဗူးဘီယာဖောက် ၊ ယိုးဒယား အရက်သောက် ကာ စီးကရက်ခဲ၊ စစ်တိုက် နေစဉ် တွတ်ပီ တို့မှာ ရွံ့ထဲ ဗွက်ထဲကရေ ကို ပုဆိုးစုတ်ဖြင့် စစ်၍ သောက် ၊ မျှစ်ပြုတ်စား ကျင်းတူး တိုက်နေရချိန်ပါ ၊ ရန်သူက သူတို့ အိုဗာဟက်တွေထဲမှာ မိုးလုံ လေလုံဖြင့် ရေပိုက်ခေါင်း ဖွင့်ချ ပြီး ချိုးရေ သုံးရေ ဘုံးပေါလအော သုံးနေချိန် တွတ်ပီ တို့ခမျာ တစ်ပါတ်နေလို့ ရေ တစ်ခါ မချိုးရပါ ၊ { ဝမ်ခ သစ် စခန်းအတွင်း ပိုက်ဖြင့်ရေသွယ်ထားသော ရေပေးဝေရေး စနစ် ရှိပါသည် } ၊ သူတို့က ငါးသေတ္တာဘူး အမဲဘူး တွေ နှင့် အလျှံပယ် စားနေချိန် ၊ သည်ဘက်က စစ်သည်တစ်ဦး သင်္ဘောသီးလေး ဟင်းချက်စား ဖို့ အရေး ခြေတစ်ဖက် ပေးဆပ်ကာ မိုင်းထိ ခြေပြတ် ရှာဖွေ စားသောက် နေရချိန်ပါ ၊ ထို အချိန်က တာဝန်ရှိသူများ ရှေ့တန်းရောက် တပ်မတော်သား များ အပေါ် ဖြစ်သလို ထား ရက်ကြ ပုံများ ကိုယ်ပေါင် ကိုယ်လှန်ထောင်း မို့ မပြောချင် တော့ပါ ၊
မနက် ၃ နာရီ ခွဲလောက်မှာ တွတ်ပီ၏ ညာဘက်က လှုပ်ရှားမှု တချို့ လှမ်းမြင်ရသည် ၊ လက်တစ်နှိုက် { ဂျိုင်းထိ အရောက် } တူးပြီးလျင် တွတ်ပီနှင့် လာပေါင်းရန် တောင်ဘက်အစွန်က စစ်သည် ၃ ဦးကို ကြိုတင်အမိန့် ပေးထားသည်မို့ ကျားသစ်ချောင်း တက်လျက် သူတို့ လာပေါင်းကြခြင်း ဖြစ်သည် ၊ တွတ်ပီလည်း ဂျိုင်း အထိ တူးပြီးဖြ စ်၍ သူတို့ကို မျှော်နေသည်နှင့် အချိန်ကိုက် ၊ မြောက်ဘက်သို့ တရွေ့ရွေ့တွား တက်ရင်း ကျန်စစ်သည်များ နှင့် ပူးပေါင်းကာ ခမရ ၁၁၆ အစွန်နေရာ ပြန်ရောက်တော့ မနက် ၄ နာရီ ထိုးလုပြီ ၊ ၁၁၆ က ကင်းသမား နှင့် အဆက်အသွယ် လှမ်းယူရသေးသည် ၊ တော်နေ ရန်သူပစ်ခံရတာ ဘာမှ မဖြစ်ပဲ ကိုယ့်တပ်က မှားပစ်ခံနေရရင် ဒိုးခ ၊
```` ကိုတွတ်ပီ အဆင်ပြေလား ၊ လူစုံလား ´´´´ ဟူသော အမှောင်တွင်းမှ အသံကြားမှ တပ်ခွဲမှူး ဗက မင်းအောင်လှိုင် ရောက်နေမှန်း သိရသည် ၊ ကိုယ့်ဆရာ စိုးရိမ် ပူပန်စိတ်နဲ့ ညက အိပ်မှ ပျော်ပါ့မလား တွေးမိသည် ၊ သူနှင့်အတူ စစ်ြေ မပြင် အင်ဂျင်နီယာတပ်မှ တပ်စုမှူး ဗိုလ်ခင်မောင်လတ် { OTS 75 } ဦးစီး အဖွဲ့ ပါ ကြိုတင်ရောက်ရှိနေကြောင်း တွေ့ရသဖြင့် ```` အိုကေ အကို ကြီး လူလည်း စုံပါတယ် ´´´´ ပြန်ဖြေလိုက်တော့မှ သူတို့ အလုပ် သူတို့ ဆက်လုပ်ကြပါသည် ၊
ဘီးဟိုက်ကျင်း ဖောက်ခွဲနိုင်ဖို့အတွက်ကြိုတင် ပြင်ဆင်ရသည်မှာလည်း အလွန်အန္တရာယ် များကာ စွန့်စား ရပါသည် ၊ အင်ဂျင်နီယာ တက္ကသိုလ် ကျောင်းဆင်း ဗိုလ်ခင်မောင်လတ်က သူကိုယ်တိုင် ဦးဆောင်ကာ တပည့်များ နှင့်အတူ တွတ်ပီ တို့ တူးထားသော ကျင်းများစီ ဝပ်တွား သွားကြရသည် ၊ ရောက်သည်နှင့် ကျင်းများ အတွင်း ယမ်းတောင့်များထည့် ၊ 3့  5 လောင်ချာ ဒုံးသီး ထိပ်ဖူး ကျင်းထဲ ထည့်မြုတ်ကာ လျှပ်စစ် ဝိုင်ယာ ကြိုးများ နှင့် သွယ်တန်း ပြီး ဖောက်ခွဲ နိုင်ရေး အသင့် ပြင်ဆင်ထားရသည် ၊ အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုက အနီးရှိ ဆက်သွယ်ရေး စက်ဖြင့် သတ်မှတ် စကားဝှက် အသုံးပြုကာ ကာလူး တောင်ခြေရှိ အမြောက် တပ်ဖွဲ့ထံ တပ်ခွဲမှူး ကိုယ်တိုင် အချက်ပေး ရပါလေသည် ၊ ထိုအခါ အမြောက်များက ရန်သူ့ စခန်းအတွင်း တစ်ဝုန်းဝုန်းဖြင့် အမြောက်ကျည်တွေ ပစ်ချ ပါလိမ့်မည် ၊ ထိုအမြောက် ကျည် များ ပေါက်ကွဲသံ နှင့် ရော၍ ဘီးဟိုက် ကျင်းများ ကို တပြိုင်တည်း ဖောက်ခွဲ ရခြင်းပင် ဖြစ် ပါသည် ၊ သူတို့ သတ်ကွင်း အတွင်း ညအချိန် ဝင်ရောက်ပြီး ဘီး ဟိုက်ကျင်း များ တူးနေကြောင်း ရန်သူ ကေအင်န်ယူ တို့ မရိပ်စားမိစေရန် အချိန်ကိုက် လှုပ်ရှား ဆောင်ရွက်ရ ကြခြင်း ပါပေ ၊
တစ်ညလုံး အိပ်ရေးပျက်ထားသော တွတ်ပီ နှင့် အဖွဲလည်း ထိုအခါမှသာ မိမိနေရာ ပြန်ရောက်ကာ အိပ်စက်နိုင်ရေး ဆောင်ရွက်ရပါတော့သည် ၊ မပြန်မီ ခမရ ၁၁၆ အဖွဲ့များ ကိုတော့ အသေအခြာ မှာကြား ခဲ့ရသည် ၊ နောက်ညများ တွင် ရန်သူ့ လေထီး မီးကျည် တက်လာပါက အောက်မှ ဝိုင်း၍ သေနတ်များ နှင့် ပစ်ပေးကြရန် ကိုပါ ၊ နို့မဟုတ်ပါက လင်းထိန်နေသော ကောင်းကင်ယံ အောက် သတ်ကွင်း ထဲက တွတ်ပီ တို့ခမျာ မီးဆလိုက်တွေ ဝိုင်းထိုး ခံထားရသော ဓာတ်ရှင် မင်းသား များပမာ အနေရ ခက်လှ ပါဘိ တောင်း ။
*** ရန်သူ့ သတ်ကွင်းထဲ ၇ ညတိတိ ဘီး ဟိုက် ကျင်း တက်တူးရတဲ့ အတွေ့အကြုံနဲ့ မသေကောင်း မပျောက်ကောင်း ရင်ဆိုင်ရတာလေးတွေ တော့ နောက်တစ်ပိုင်း ပေါ့ဗျာ ၊ လုပ်ဆောင် ရပုံ လေးတွေ ကွက်ကွက်ကွင်း မြင်စေချင်လို့အသေးစိတ် ရေးပြနေတာ လေး တော့ စိတ်ရှည်ကြပါနော် ၊ စခန်း မြန်မြန် တိုက်ချင်လှပါပြီ ၊ စာရေး ရတာ ပျင်း လာလို့ ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@

Comments
Post a Comment