***** တပ်ချုပ်ကြီးနှင့် အတူ တွဲ၍ တိုက်ခဲ့ ရသော ဝမ်ခသစ် { ကော့မူးရာ } စခန်းတိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၁၆ } *****
နည်းဗျူဟာ { ၃၃၁ } ၏ ပွိုင့် ၁၂၇၉ စခန်းမှာ { ၁ } ပါတ်ခန့်သာ နေလိုက်ရပါသည် ၊ ဝမ်ခသစ် ကို တိုက်ဖို့ ပြင်ဆင် ရတော့ မည်မို့ အခြား တပ်မှ တပ်စုကို စခန်းလုံခြုံရေး ချိန်းခဲ့ရကာ အောက်သို့ ပြန်ဆင်းခဲ့ရပါတော့သည် ၊ ခပ်ဖလူး တောင်ခြေရောက်တော့ တပ်ခွဲမှူးထံ ပြန်သတင်း ပို့လိုက်မှ တပ်များ ၏ လက်ရှိ အခြေအနေ နှင့် ရည်မှန်း ချက် တာဝန် များကို အကြမ်းဖျဉ်း နားလည် သဘောပေါက် ရလေ သည် ၊
လက်ရှိ ရန်သူ နှင့် အနီးဆုံ့း ဗူးဝ နေရာ ၏ မြောက်ဘက် တွင် ခမရ { ၁၁၆ } တစ်ရင်း လုံး ဖြန့်ခွဲ ရင်ဆိုင်ထားပြီး ၊ မိမိတို့ ခမရ { ၁၁၁ } နှင့် ခလရ { ၄ } တို့ အနေဖြင့် ကာလူး ကုန်းနှင့် ခပ်ဖလူး ကုန်းတဝိုက်တွင် နေရာယူထား လျက်ရှိ သည့် အနေအထား ဖြစ်ပါသည် ၊ ခပ်ဖလူး ကုန်းပေါ်တွင် အမြောက်တပ်မှ { ၇၆ } မမ လို တိုက်ရိုက်ပစ် တောင်ပေါ်ပစ် အမြောက်များ တင်ထားပြီး ၊ ကာလူးကုန်း ပွိုင့် ၁၀၂၈ တဝိုက်တွင်မူ { ၁၂၀ } မမ အမြောက်များ နှင့် ခြေလျင် အကူပင် လက်နက်များ ဖြစ်သော { ၈၁ } မမ စိန်ပြောင်းများ ဖြန့်ခွဲ နေရာယူထားကာ ယခင် တပ်မတော်မှ အသုံးပြုခဲ့သော ၃လက္မ စိန်ပြောင်း များကိုပါ တစုတဝေးထဲ စုပြုံ ပစ်ခတ် နိုင်ရေး ဖြန်ခွဲ ချထားကြောင်း တွေ့ရှိရပါသည် ၊
မိမိ တပ်များ၏ အကြမ်းဖျဉ်း တိုက်စစ် စီမံချက်မှာ ခပ်ဖလူးကုန်း တောင်ခြေ တဝိုက်အနီး မှ စတင်၍ မိမိတို့ ခမရ ၁၁၁ အနေဖြင့် ဆက်သွယ်ရေး ကျင်း { လိုက်မြောင်း } ၂ မြောင်းတူးကာ ရန်သူ့ ဝမ်ခသစ် ဗူးဝ နေရာသို့ ချဉ်းကပ် ကြရမည် ဖြစ်သည် ၊ ရန်သူ့ စခန်း အနီး ရနိုင်သလောက် ကျင်းတူး ချဉ်းကပ် နေရာယူပြီး ဗူးဝ ရှိ ရန်သူ့ သတ်ကွင်း နေရာ အတွင်း ဘီးဟိုက်ကျင်း များ ဖောက်ခွဲ ပြု လုပ်ပြီးမှ လက်နက်ကြီး ပစ်ကူရယူ၍ အနီးကပ် လုံးထွေး တိုက်ခိုက်ကြရန် ဖြစ်ပါသည် ၊
တိုက် စစ်စီမံချက်ထဲ တွင် ဒုမှူးကြီး တင်စိုး ဦးစီး ခမရ ၁၁၆ သည် ဗူးဝ မြောက်ဘက်ခြမ်းမှ ၄င်း ၊ ယာယီတပ်ရင်းမှူး မှူးကျော်ရွှေ ဦးစီး ခမရ ၁၁၁ သည် ဗူးဝ ၏ တောင်ဘက်ခြမ်း မှ၎င်း ရန်သူ့ စခန်းအား ချေမှုန်း တိုက်ခိုက် သိမ်းပိုက်ရန် ဖြစ်ပြီးဒုမှူးကြီး ဘိုကြည် ဦးစီး ခလရ ၄ တစ်ရင်းလုံးသည် စစ်ဆင်ရေး အရန် အဖြစ် အသင့်ပြင် ထားရမည် ဖြစ်ပါသည် ၊ ဤ နေရာတွင် ခလရ ၄ မှ တပ်ရင်းမှူး ဖြစ်သူ အကြောင်း အနည်းငယ် ဖြည့်စွက် ရေးသား ပေးမှ ပိုမို ပြည့်စုံ မည်ဖြစ်သဖြင့် တင်ပြ လိုပါသေးသည် ၊
တွတ်ပီ၏ မဲလ စခန်းသိမ်း တိုက်ပွဲ ဖတ်ပြီးသူများ မှတ်မိ သိရှိကြပါလိမ့်မည် ၊ မဲလ ပင်မ စခန်း ကြီး မတိုက်ခိုက်မီ ခလရ ၂ မှ ဒုတပ်ရင်းမှူးဖြစ်သူ မှူးဘိုကြည်အား ခလရ ၄ တပ်ရင်းမှူး နေရာတွင်ဗိုလ်ချုပ်လှက ချက်ချင်း အစားထိုး ခန့်အပ်ခဲ့ပါသည် ၊ ခလရ ၂ တပ်ရင်းမှူး ဒုမှူးကြီး အောင်စိုး စစ်ဦးစီး တက္ကသိုလ် သင်တန်း တက်ရောက်နေချိန် ၊ခေတ္တ တပ်ရင်းမှူး ကိုင်၍ ``` မော်ဖိုးကေ ´´´ စခန်းအား ခမရ ၂ နှင့်အတူ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သော မှူးဘိုကြည်အား ဂုဏ်ပြုသည့် အနေဖြင့် ခလရ ၄ တွင် ယာယီ တပ်ရင်းမှူး အဖြစ် အဆင့် တိုးမြှင့် ပေးခဲ့ခြင်းပါ ၊
မှူးဘိုကြည်မှာ တပ်မတော်တွင် တွတ်ပီ သိမီ သလောက် ယာယီ တပ်ရင်းမှူးသက်တန်း အတိုဆုံးလူ ဖြစ်ပါလိမ့်မည် ၊ အဘယ်ကြောင့် ဆိုသော် ယာယီ တပ်ရင်းမှူး ခန့်အပ်ခံရပြီး နောက် { ၅ } ရက်မြောက်နေ့ တွင် တွတ်ပီတို့တပ် ခမရ ၁၁၁ နှင့်အတူ မဲလ ပင်မ စခန်းကြီး အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သဖြင့် ၊ ထိုနေ့မှ စ၍ စစ်မြေပြင် အဆင့် တိုးမြှင့်ခြင်း အဖြစ် ပတ်ကား တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြစ်လာခဲ့ခြင်း ပါပေ ၊
တိုက်ရည် ခိုက်ရည် အလွန်ကောင်းပြီး စစ်ဆင်ရေး လာဒ် ရှိသူ ဒုမှူးကြီးဘိုကြည်သည် ကရင်ပြည်နယ် သောင်ရင်းမြစ်ကမ်း နဘေး ကေအင်န်ယူ စခန်းသိမ်း တိုက်ပွဲ အတော်များများ နှင့် ပါဝင် ပတ်သက် ခဲ့သူ တစ်ဦး ဆိုလျင် မှားအံ့ မထင်ပါ ၊ ဝမ်ခသစ် တိုက်ပြီးနောက် ဖလူး ၊ သေဘောဘိုး ၊ ဝေါလေ စသည့် စခန်းသိမ်း တိုက်ပွဲများ တွင်လည်း သူပါဝင် ဆင်နွဲ ခဲ့ရပါသည် ၊ နောက်ပိုင်းတွင် နည်းဗျူဟာမှူး ဘဝမှ မြန်မာ့ရုပ်ရှင် လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး မူးလာလျင်တော့ အလွန်သွေးဆိုး တတ်သူ တစ်ဦးဖြစ်ကာ ရွှေဘ ကဲ့သို့ အထိုးအကြိတ်လည်း ဝါသနာ ပါလှ သည်ကို သတိ ပြုမိပါသည် ၊
ကရင်ပြည်နယ်၏ ဆိုးရွားလှ သော မိုးဦးကာလ ကို ရင်ဆိုင်အံတုလျက် တွတ်ပီ တို့ အကျယ် ၃ ပေ ၊ အနက် ၅ ပေခန့် ရှိ ဆက်သွယ်ရေး ကျင်းများ ကို မနားမနေ တူးဖော် ကြရပါလေ၏ ၊ အကွးအဝေးကလည်း ခပ်ဖလူး တောင်ခြေ အနီးမှ စသည် ဆိုတော့ တွတ်ပီ အထင် တစ်မိုင် နီးပါးခန့်ရှည်လျား မည် ထင်ပါသည် ၊ တွတ်ပီ တို့ မြောင်း ၏ တောင်ဘက်တွင်လည်း မှူးဗက စိုးတင့် ဦးစီး ခွဲ ၄ ဖြင့် ယှဉ်လျက် လိုက်မြောင်း တူးကာ ရန်သူ့ စခန်းအနီး ချဉ်းကပ်ဖို့ ကြိုးစား နေပါလေသည် ၊ မိုးတွင်း မို့ မြေသားများ အိကာ တူးရလွယ်သော်လည်း တစ်ကြိမ်လျင် စစ်သည် ၂ ဦး ၃ ဦးသာ အလုပ်လုပ်နိုင်သဖြင့် သိပ်တော့ မတွင်ကျယ်လှပါ ၊
ရက်သတ္တ { ၁ } ပါတ်ခန့် အားစိုက် ခွန်စိုက် တူးလိုက်ကြသောအခါ အတော်ပင် ခရီးပေါက်လာ ပါ၏ ၊ သို့ရာတွင် ရန်သူနှင့် ကိုက် ၅၀၀ ခန့်အကွာထိ ရောက်လာ တော့ လွပ်လပ်စွာ တူးဖော်ခွင့် မရတော့ပါ ၊ သူတို့ကလည်း လောက်လေးဂွ လက်ထဲ ကိုင်ထား တာမှ မဟုတ်ကြလေတော့ နေ့ဘက် မြင်သာ ထင်သာ အချိန်များ ဆိုလျင် လက်နက်ငယ်များ ဖြင့် ချောင်းမြောင်း ပစ်ခတ်ကြယုံ မက ၆၀ မမ စိန်ပြောင်း ဗုံးသီးများ ၊ တခါတရံ ၅၇ မမ နောက်ပွင့် ဗုံးသီး များ တွေပါ လက်ဆောင်ပေးကာ ပြန်လည် နှုတ်ဆက်ကြပါလေတော့သည် ၊
ရှေ့ဆုံးမှ ကျင်းတူးနေရသော တပည့်ကျော်များကို တွတ်ပီ စိတ်မချနိုင်ပါ ၊ သူတို့နှင့် အနီးဆုံး နေရာ အထိ နေ့စဉ် သွားရောက်ပြီး အနီးကပ် ကြီးကြပ် ရပါတော့သည် ၊ ရန်သူက လက်နက်ငယ်များသာမက လက်နက်ကြီး တွေဖြင့်ပါ ပစ်ခတ်လာသဖြင့် တူးဖော်ထားသော လိုက်ကျင်း အတွင်း ဘေးဘက် နံရံများတွင် မြေခွေးကျင်း { ခေါ် } ဗုံးခိုကျင်း များပါ ၁၀ ပေခြား တစ်ကျင်း တူးခိုင်းရပါတော့သည် ၊ လိုက်မြောင်းကို ကွေ့ကောက် တူးဖော်ထား သဖြင့် တော်ယုံ အဖြောင့်ပစ် လက်နက် မကြောက်ရသော်လည်း စိန်ပြောင်းလို ဗုံးသီးများ ရန်တော့ စိုးရိမ် ရပါသည် ၊ တခါတရံ ဆက်သွယ်ရေး မြောင်း အတွင်း တည့်တည့်ကျကာ ပေါက်ကွဲလေ့ ရှိသဖြင့် ရန်သူ့စခန်းတွင်းမှ ``` ဖောင် ´´´ ကနဲ ပြောင်းထွက်သံ ကြားသည်နှင့် နီးစပ်ရာ မြေခွေးကျင်းထဲ အတင်းဝင် ပုန်းကြရပါသည် ၊
ဗူးဝ သတ်ကွင်းနှင့် နီးလာလေ ၊ အသက်အန္တရာယ်က ပိုများ လာလေ ပါ ၊ တချို့ အချိန်များ ဆိုလျင် တူးပြီးသား မြေစာ လှမ်းပစ်တင်လိုက်သော ထမင်းစား ပန်းကန်ပြားက ကျင်း အတွင်းပြန်ကျလာသည့်အခါ အကောင်း အတိုင်း ပြန်မပါလာတော့ ၊ ရန်သူ ၏ ချိန်ရွယ် ပစ်ခတ်မှုကြောင့် အပေါက်ကလေး တစ်ပေါက် လက်ဆောင် ပါလာသည်အထိ ၊ တစ်ဦးတည်းသော တပ်စုမှူး မို့ တွတ်ပီ မှာ ရန်သူနှင့် အနီးဆုံး နေရာမှာ အမြဲတမ်း ကြီးကြပ် နေရပါသည် ၊ နောက်ပိုင်း ရက်များဆိုလျင် ထမင်းပင် ပြန်မစား တော့ပဲ တပည့်ကျော်ကို ဟန်းကောချိုင့် ဖြင့် ထမင်းလာပို့စေကာ ရှေ့က မြေခွေးကျင်း အ တွင်း ဖြစ်သလို စားရပါတော့သည် ၊
စိုးရိမ် စိတ်ပူ တတ်သော တပ်ခွဲမှူးကလည်း နေ့စဉ်ပင် တွတ်ပီဆီ အရောက်လာကာ လုပ်ငန်းပြီးစီး ကို စစ်ဆေးရင်း ရဲဘော်များ အားတက်စေရန် မျက်နှာ လာပြပါ၏ ၊ ရန်သူနှင့် အလွန်နီးကပ်နေကာ ပစ်ခတ်မှု တွေကလည်း ပို ပို စိတ်လာသဖြင့် ``` အကိုကြီး ရှေ့ကို ခဏခဏ မလာပါနှင့် ´´´ ဟု တွတ်ပီ တားယူ ရသည်အထိ ၊ သူကလည်း နီးလေ ပိုစိတ်ပူလေမို့ တစွတ်စွတ် ရှေ့ချည်း လာနေသဖြင့် ရဲဘော်များကပင် ``` ဗိုလ်ကြီး ကျွန်တော်တို့ကို စိတ်ချပါ ၊ ဗိုလ်ကြီး တွတ်ပီလည်း ကျွန်တော်တို့နဲ့အတူ အမြဲ ရှိနေတာ ၊ နောက်မှာပဲ အေးအေးဆေးဆေး နေပါ ´´´ ဟု ပြောယူရသည် ၊ ဒါတောင် တစ်ရက်သား သူရှိနေစဉ် ရန်သူ့စခန်း တွင်းက ပစ်ခတ်လိုက်သော ၆၀ မမ တစ်လုံး ဆက်သွယ်ရေး မြောင်း အတွင်း တိုက်ရိုက်ကျရောက် ပေါက်ကွဲကာ ရဲဘော် ၂ ယောက်ထိမှန် ဒဏ်ရာ ရလိုက်သေး ၊ ကျင်း ထောင့်ကွေး တဘက်မှာ ရှိနေသော တပ်ခွဲမှူး ဘာမှ မဖြစ်လိုက်၍ သာ တော်တော့ ၊ ထိုကာလ တွေက အသက်ဆိုသည်မှာ ဖက်နှင့် ထုပ်ထား သလောက်ပင် မလုံခြုံလှပါ ၊ ဒါကြောင့်များ ဗုဒ္ဓ မြတ်စွာက ဟောကြားလေသလား မသိ ၊ ကွေးသောလက် မဆန့်မီ ဆန့်သော လက် မကွေး မီ ဆိုသည်က သည်လို အခြေအနေတွေ မျိုးတွေ မှာလား မပြောတတ် ၊
သည်ကြားထဲ မိုးက အဆက်မပြတ်ရွာတော့ ပိုဆိုးသည် ၊ လိုက်မြောင်းတွင်း ဒူးဆစ်လောက်အထိ နက်နေသော ရေတွေ မကြာခဏ ပက်ထုတ်ရသည် ၊ ရေဝပ်နေသော မြေခွေးကျင်းထဲ ရန်သူ့ လက်နက်ကြီးသံကြား သဖြင့် ဝင်ခိုနေသော တွတ်ပီ တို့ဘဝ တွေးမြင်ကြည့်ကြစမ်းပါ ၊ ဝတ်ထားသော ယူနီဖောင်းတွေတင်မက လူတကိုယ်လုံးပင် ရွံ့စေး မြေတွေ နှင့် နီရဲလို့ ၊ သို့ရာတွင် တွတ်ပီ တို့ တစ်သုံးလုံး က ရဲဘော်တွေ အတော် စိတ်ဓာတ် ကောင်းကြပါ၏ ၊ မျှစ်နှင့် ပတတ်စာ ကိုသာ ရေကျဲကျဲ ဖြင့် ပြုတ်ထားသော ကုလားပဲဟင်း ဖြင့်နေ့စဉ် အဟာရ ဖြည့်နေရပေမင့် ညည်းညူခြင်း အလျဉ်း မရှိ ကြပါ ၊ ဆင်းရဲပေတေ စုတ်ပြတ်စွာဖြင့် မဝ ရေစာ စားသောက်ကာ ရန်သူနှင့် နီးနိုင်သမျှ နီးအောင် ဇွဲ နပဲ ကြီးစွာ ချီတက် ချဉ်းကပ်နေကြရခြင်း ကို သူတို့ ပျော်ရွှင် လျက်ပါ ၊
လွန်ခဲ့သည့် ၂ လခန့်ကမှ ဆင်နွဲခဲ့သော မဲလ စခန်းသိမ်း စစ်ဆင်ရေးနှင့် ယခု စစ်ဆင်ရေးမှာ အုပ်ချုပ် ထောက့်ပံ့မှု ပိုင်း ဆိုင်ရာတွင် အကွာ ခြားကြီး ကွာခြား သည်ကို တွတ်ပီ တွေ့ရပါသည် ၊ မဲလ စခန်း မတိုက်မီ အချိန်ထိ သာမန်ရိက္ခာထုတ်မလား ၊ တိုက်ခိုက်ရေး ရိက္ခာ စားမလား ကြိုက်ရာ ရွေးချယ် ပိုင်ခွင့် ပေးထား သည့်အပြင် ၊ နောက်တန်းမှ ပေးပို့သော ကြက်ဥ လတ်လတ်ဆတ်ဆတ် နှင့် ရှေ့တန်း ဂုဏ်ပြု လက်ဆောင် ဖြစ်သော ဘဲပေါင်း ၊ ကြက်ပေါင်းတွေ ငါးကင်တွေ စားသုံးလာခဲ့ရသော တွတ်ပီ တို့ဘဝ သည်စစ်ဆင်ရေးကျမှ ကောင်းကောင်းကြီး ငတ်ခဲ့ရပါသည် ၊ အထက်ဌာနများ မှ စိတ်ဝင်စားမှု လျှော့ကျ သွားသည်လား ၊ လူကြီးတွေ စီမံမှုတွေပဲ ညံ့နေလေရော့ သလား မပြောတတ် ၊ ရှေ့တန်းမှာ ရန်သူ ကို အနီးကပ် ရင်ဆိုင်ပြီး ကျားကုပ်ကျားခဲ ကျင်းတူး တက်နေရသော တွတ်ပီ တို့ ခြေလျင် စစ်သည်တွေအတွက်သာမန် ရိက္ခာ ပင် မပို့ ပေးပါ ချေ ၊ ကိုယ်စားမည့် ရိက္ခာ ကိုယ့်စစ်သည် အင်အား ထုတ်နှုတ်၍ အသွား အပြန် မိုင် { ၄၀ } ဝေးသော မဲပလဲ စခန်းသို့ ရေတစ်တန် ကုန်းတစ်တန် ဖြတ်ပြီး သွားရောက် ထုတ်ယူ စားသုံး ခဲ့ကြရပါသည် ၊ သံဝေဂ ရဖွယ် ဘဝတွေ ပါလား ။
*** ပင်ပမ်း ဆင်းရဲ ငတ်ပြတ်စွာ နဲ့ စခန်း တိုက်ခဲ့ရတဲ့ အကြောင်းတွေ နောက် တစ်နေ့ မှ ပေါ့ဗျာ ၊ အင်မတန် စုတ်ပြတ် သတ်နေတဲ့ အီကော ပလင် နဲ့ စစ်တိုက်ခဲ့ရပုံ တွေ စောင့်ဖတ် ပေး ကြပါဦး ၊ ဒီနေ့ မျက်စေ့ ညောင်းသွားပြီ ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@@

Comments
Post a Comment