***** တပ်ချုပ်ကြီး နှင့် အတူတွဲ တိုက်ခဲ့ ရသော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၁၀ } *****
မြောင်မှာ နေစဉ် အတွင်း တွတ်ပီ ပယောဂ ဖြင့် လူတစ်ယောက်သာ အချုပ်ထဲ ရောက်ခဲ့ ဘူး ပါသည် ၊ ရွှေပန်း ဆိုသော ချင်းတွင်းမြစ် အနားက ရွာမှ ကျေးရွာ ကောင်စီ ဥက္ကဌ ဟောင်း တစ်ဦးပါပေ ၊ သူက တွတ်ပီ ရွေးချယ် တင်မြောက်ထားသော ရဝတ ဥက္ကဌ ကို ဓားကိုင် စိန်ခေါ်ကာ ခြံစည်းရိုး များကို ဓားခုတ် ဖျက်ဆီး ခဲ့သောကြောင့် ဖြစ်သည် ၊ တွတ်ပီ တင်ထားသော ဥက္ကဌ ကို စော်ကားခြင်းသည် တွတ်ပီ ကို စော်ကားခြင်းလည်း မည် သည်မို့ သူ့ကို ချက်ချင်း အချုပ်ထဲ ဖမ်းထည့်ထားရန် ကျောက်ရစ် ရဲစခန်းမှူး ကို ညွှန်ကြားလိုက်ပြီး တွတ်ပီ အမိန့် မရပဲ ပြန်မလွှတ်ရန် တဆက်တည်း အမိန့် ပေးလိုက်တော့ နယ်မြေ လူထု အတော် ရှိန် သွားသည် ၊
လုပ်ရင် ခပ်ပြတ်ပြတ် လုပ်တတ်သည် ဆို တာ သူတို့ သိသွားကြသဖြင့် ထိုပုဂ္ဂိုလ် လွတ်မြောက်ရေး နည်းမျိုးစုံ ဖြင့် လှုပ်ရှားကြသည် ၊ တွတ်ပီ ယောက်ဖ မသေးမျှင် အကိုထံ ချဉ်းကပ်ကာ စေလွှတ်ပြီး ငွေကြေး အပါ အဝင် ကမ်းလှမ်းချက်မျိုးစုံဖြင့် စည်းရုံး သိမ်းသွင်းကြသည် ၊ တွတ်ပီ ကား လျှာပေါ် မြက် ပေါက်ပါစေ ၊ ထိုသို့သော ကိစ္စရပ်များ လက်သင့် မခံကြောင်း သိသွား သဖြင့် ယောက်ဖလည်း လက်လျှော့ ပြန်သွား ခဲ့ရပါသည် ၊ အမှန်တော့ နောက်လူများ ထပ် မစော်ကား ရဲစေဖို့ တမင်သက်သက် ပညာ ပေးခြင်းပါ ၊ ချုပ်ရက် ၇ ရက်ပြည့်သောအခါ ဘယ်ပုဒ်မ မှ မတပ် ၊ ဘာရုံးမှ မတင်ပဲ တွတ်ပီ ပြန်လွှတ် ပေးခဲ့ပါသည် ၊ နောက်ထပ်လည်း ရဝတ များကို ဘယ်သူမှ မစော်ကား ရဲတော့ ပါ ပေ ၊
တွတ်ပီ ရေးသား တင်ပြပြီးသော မဲလ စခန်းသိမ်း တိုက်ပွဲထဲက အကြောင်းလေး တစ်ခု ပြန်လည် ဖော်ပြ ပေးလိုပါသေးသည် ၊ မီးရထားလမ်း လုံခြုံ ရေး ဆောင်ရွက်ရန် ဝန်းသိုမှ နမ့်ခန်း ဘုံချောင်း ဘက်သို့ အသွား ကိုးထောင်ဘို့ မှ ဗေဒင်ဆရာဖြင့် ဆုံသည့် အကြောင်း ဖြစ်ပါသည် ၊ သူက တွတ်ပီ ကို လက္ခဏာလည်း ကြည့် ၊ မွေးသက္ကရာဇ်တွေလည်း မေးကာ လက်ရှိ သား ၂ ယောက်ရှိပြီး နောက်ထပ် တစ်ယောက်လည်း ထပ်ရဖို့ ရှိနေကြောင်း ၊ ဒဏ်ရာ ၂ ကြိမ် ရဖူးပြီး နောက်ထပ် တစ်ကြိမ် ရရန် ရှိသေးကြောင်း ၊ ကိုယ့်ဇာတိမြေ ပြန်ပြီး အကြီးအကဲ လုပ်ရကိန်း ရှိကြောင်း ၊ နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့တံဆိပ် တစ်ခု ရဖို့ ရှိနေကာ နောက်မွေးလာမည့် ကလေးသည် မိန်းကလေးလည်းဖြစ် ၊ ကြာသာပတေး သမီးလည်း ဖြစ်ပါက ထိုချီးမြှင့်ခံရမည့် ဘွဲ့သည် နိုင်ငံကျော် သွားစေမည့် ဘွဲ့မျိုးဖြစ်ကြောင်း ၊ ဥပစ္ဒေ ကံဖြင့် လုံးဝ မသေနိုင်ကြောင်း တို့ပါပေ ၊ သူ့ကို ဉာဏ်ပူဇော်ခ လည်း မပေးရပါ ၊ လမ်းကြုံ ဟောပြော သွားခြင်း မျှသာ ၊
ထိုစဉ်က အိမ်သူ မသေးမျှင်ကို ပင် တွတ်ပီ စ လိုက်မိသေးသည် ၊ ```` ငါ အသက်ကြီးရင် မြောင်ပြန်ပြီး ကောင်စီ ဥက္ကဌ လုပ်ရမယ် ထင်တယ် ´´´´ ဟု ၊ ယခုသော် မထင်မှတ်လောက်စရာ ကံကြမ္မာ အလှည့်အပြောင်းက တွတ်ပီ ကို မဝတ ဥက္ကဌ အဖြစ် မြောင် ပြန်ကာ တာဝန်ယူစေခဲ့ပါချေပြီ ၊ ဗေဒင် ဆရာ ဟောပြော ချက်များ ကျန်အပိုင်းများ မှန် မမှန် ရှေ့စောင့် ကြည့်စရာ ကောင်း လှပါပေသည် ၊ { မဲလ စခန်းသိမ်း တိုက်ပွဲ ၃၃ ပိုင်းစလုံး ဖတ်ပြီးသူများ ကတော့ အားလုံး သိပြီး ဖြစ်ပါလိမ့်မည် ၊ ထိုအထဲ ရေးသားပြီးဖြစ်ပါသည် } ၊
တစ်ရက် ရုံးမှာရှိနေစဉ် ရာဇဝင်ထဲက သူရဲကောင်းကြီး တစ်ဦးနှင့် ဆုံဆည်းခွင့်ရခဲ့ပါသည်၊ သူ့ကို နာမည်သာ ကြားဖူးပြီး တွတ်ပီ လူကိုယ်တိုင် မတွေ့ဆုံ ခဲ့ဘူးပါ ၊ သူကား ၁၉၇၄ ဦးသန့် အရေး အခင်းတွင် မင်္ဂလာဒုံလေဆိပ်သို့ ဦးသန့် အလောင်း သွားကြို မိသဖြင့် ပညာရေး ဒုဝန်ကြီး အဖြစ်မှ အနားပေးခြင်း ခံရသူ တွတ်ပီ တို့ မြောင်နယ်သား ဗိုလ်မှူးကြီး အောင်ထွန်း ပါပေတည်း ၊ တွတ်ပီ ဖတ်ဖူး သလောက် စာအုပ်တွေထဲမှာ ကုလ အတွင်းရေးမှူးချုပ် ဦးသန့်ကို ဦးနေဝင်းက အမြင်သိပ်မကြည် ၊ ထိုသည်ကလည်း ပြည်ပြေး ဘဝ ရောက်နေသော ဦးနု ကို တချိန်က သူ၏ ကိုယ်ရေး အရာရှိ ဖြစ်ခဲ့ဖူးသူ ဦးသန့်က ကုလ သမဂ္ဂ စင်မြင့် ထက် တင်ကာ သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ် ပေးခဲ့ မှု ကြောင့်ပါပေ ၊
ထိုအကြောင်းကြောင့် ဦးသန့် ကုလ အတွင်းရေးမှူးချုပ်ဘဝ မှ အနားယူပြီး အမေရိကန်တွင် သေဆုံးသောအခါ ကွယ်လွန်သူ၏ ဆန္ဒ အရ မြန်မာပြည် ပြန်သယ်လာသည် ၊ ကမ္ဘာသိ ခေါင်းဆောင် တစ်ဦး မို့ ပြည်သူများက ထိုက်တန်စွာ ဂုဏ်ပြု ကြိုဆို လိုသော်လည်း အစာ မကျေ နေသော ဦးနေဝင်းက မသိ ကျိုးကျွံ ပြုထားချိန် ပညာရေး ဒုဝန်ကြီးက သူ့သဘော နှင့်သူ ဘယ်သူ့မှ သတင်း မပို့ပဲ လေဆိပ် အလောင်း သွားကြို ခဲ့သဖြင့် ခေါင်းဆောင်ကြီး အမျက်တော် ရှ ကာ အနားပေးခြင်း ခံရသူ တစ်ဦးပါပေ ၊ တွတ်ပီ တို့ မြောင် သားများကား ခေသူ မဟုတ် ၊ ဤ ကဲ့သို့ ရာဇဝင် လူသား တွေ ပါဆို ၊
ဗိုလ်မှူးကြီးက တွတ်ပီ နှင့်တွေ့တော့ ထွေထွေ ထူးထူး မပြောပါ ၊ မြောင်နယ်သား ဖြစ်သဖြင့် ဝမ်းသာကြောင်း ၊ နယ်ကို တရားမျှတ စွာဖြင့် အခက်အခဲ မှန်သရွေ့ စိတ်ရော ကိုယ်ပါ ကူညီ ဖြေရှင်း နေကြောင်း သတင်းများ ကြားသိရ၍ ကျေနပ် ရပါကြောင်း ၊ သူ့ အနေဖြင့် NLD ကိုယ်စားပြုပြီး လာမည့် ရွေးကောက်ပွဲ ဝင်ပြိုင်မည် ဖြစ်သဖြင့် ဥပဒေ ဘောင် အတွင်းမှ တတ်နိုင်သမျှ ကူညီ ပေးပါရန် နှင့် သူတို့လို နိုင်ငံတကာ အတွေ့အကြုံရှိ ပုဂ္ဂိုလ်များ ရွေးချယ် ခံရပါက နိုင်ငံအတွက် များစွာ အကျိုး များမည် ဖြစ်ပါကြောင်း တွတ်ပီ ကို စည်းရုံး ဟောပြော သွားပါသေးသည် ၊ { ရွေးကောက်ခံ စာရင်း တွင်တော့ သူ့နာမည် မပါဝင်ကြောင်း တွတ်ပီ သတိထား မိပါသည် ၊ တွတ်ပီ ပဲ အမှတ်မှားတာလား တော့ မသိ ပါ } ၊
တွတ်ပီ မှာ ဤသို့ ဤ ပုံ ဟိုလူကလာတွေ့ သည်လူက လာတွေ့နှင့် ကောင်းမွန်စွာ နားရသည်ကို မရှိပါ ၊ ကြာတော့ စိတ်ပျက်လာသဖြင့် တပ်ရင်းမှူးထံ စာရေးရပါတော့သည် ၊ ```` တွတ်ပီအား မဝတ တာဝန်မှ လွဲ၍ အခြား လုံခြုံရေး တာဝန် ဘာပေးပေး လွှဲပြောင်း တာဝန် ပေးအပ် ပါရန် တင်ပြပါကြောင်း ´´´´ ပေါ့ ၊ တွတ်ပီ စာ ရသောအခါ တပ်ရင်းမှူးကြီးက စက်ပေါ် တက် ပြောရှာပါသည် ၊ ```` မင်း မြို့နယ် ဒီလောက် နာမည် ကောင်း ထွက်နေတာ ငါကတော့ လဲ မပေးဘူး ´´´´ တဲ့ ၊ ကဲ မောင်တွတ်ပီ မင်း ဘာများ တတ်နိုင် ပါသေး လည်း ၊
သည်ကြားထဲ ကန်ထရိုက် တစ်ဦးက စည်းရုံးသိမ်းသွင်း ဖို့လည်း ကြံစည် ခံရပါသေး၏၊ ထိုမြို့မှာ မဆလ လက်ထက်က မြို့နယ် စာရင်းရုံး အသစ် ဆောက်လုပ်ခွင့် ကျထားခဲ့ကာ သုံးစွဲရန် ခွင့်ပြု ငွေကိုလည်း ဘဏ်တွင် အသင့် ပေးပို့ ရောက်ရှိ နေခဲ့ပြီး ဖြစ်ပါသည် ၊ သို့ရာတွင် အရေးအခင်းကြီး ရုတ်တရက် ပေါ်ပေါက်လာသောအခါ ထိုရုံးမှာ မဆောက်လုပ်ရသေးပဲ ရပ်နားထားသဖြင့် ကန်ထရိုက် ယူထားသူမှာ အခက်တွေ့နေချိန် ဖြစ်ပါသည် ၊ သူက တွတ်ပီ ကို ညစာ ခေါ်ကျွေးကာ ဥက္ကဌ သာ လက်မှတ်ထိုး ခွင့်ပြုပေးပါ ၊ သူ့ဘက်က ခွင့် ပြုငွေ ၏ ၁၀ % ဂါရဝ ပြုပါမည် ဆိုပဲ ၊
လက်ပတ်နာရီ ပင် မပတ်နိုင် ရှာသေးသော တွတ်ပီ၏ ဆင်းရဲ လှသည့် ဖြစ်အင်ကို ကြည့်ကာ နယ်ပိုင်ကြီးက သနား သည်ထင့် ၊ ဘောင်အတွင်းက ခွင့်ပြု ပေးတာ ဗိုလ်ကြီးကို ဘာမှ ထိခိုက်နိုင်စရာ အကြောင်း မရှိပါဘူး ၊ လုပ်လိုက်ပါ ဗိုလ်ကြီး ရာ ဟု တိုက်တွန်းရှာပါသည် ၊ တွတ်ပီ စဉ်းစားပါသည် ၊ ထိုအချိန်က ငွေ ၃ သိန်း ဆိုသည်မှာ နည်းနည်း နောနော မဟုတ် ၊ တွတ်ပီ လစာပင်လျင် ၆၅၀ိ လောက်သာ ရသေးသည့်ခေတ် ၊ ပုထုဇဉ် ပီပီ ငွေကို မက်မောသော်လည်း ကိုယ် ခက်ခက်ခဲခဲ တည်ဆောက်လာ ခဲ့သည့် နာမည်လေး ပျက်သွားမှာ စိုးရိမ် မိခဲ့ပါသည် ၊ တော်နေ ကံထရိုက်က ပြီးစလွယ် ဆောက်လိုက်လို့ ပြို ကျနေရင် ပေါင်းစား သွားကြတာ ဆိုပြီး ကိုယ်ပါ အချောင် နာမည် ပျက် ပေရော့မည် မဟုတ်ပါလား ၊ ထို့ကြောင့် ဆောက်လုပ်ဖို့ အရေး နောက်ထပ် မပြောရန် ပိတ်ထား လိုက်ပြီး ထားရစ်ခဲ့ပါသည် ၊ { နောက်လူတော့ မပြော တတ်ပါပြီ } ၊
မျှော်လင့်နေတုန်း ကျော့ဆုံး ရောက်လာ ဆိုသလိုပဲ မြို့နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်နေဆဲ မဝတ ဥက္ကဌ များ နေရာတွင် ယခင် ပါတီ ကောင်စီ ဟောင်း များမှ ဗိုလ်မှူး များဖြင့် လဲလှယ် အစားထိုး ပေးသည့်အခါ တွတ်ပီ လည်း ပျော် သွားပါသည် ၊ မြောင်မြို့နယ် ဥက္ကဌ သစ် အဖြစ် ယခင် ဟင်္သာတ မြို့နယ် တရားသူကြီးဟောင်း ဗိုလ်မှူး တင်အုန်း က လာရောက်တာဝန်ယူသောအခါ အလျင်အမြန်ပင် လဲလှယ် ပေးခဲ့ပါသည် ၊ လူထု တွေကတော့ တပ်မတော်သား စစ်စစ် မဟုတ်သော ဒီပုတ်ထဲက ဒီပဲ တွေကို သိပ် အမြင် မကြည် ကြပါ ၊ မတတ်နိုင်ပါ ၊ တွတ်ပီတို့ စစ်သားစစ်စစ် တာဝန်ကား စစ်တိုက်ရန် မဟုတ်ပါလား ၊
ဒါတောင် တပ်ရင်းမှူးက အရာတော်မြို့နယ်မှာ အတွင်းရေး မှူး တာဝန် သွားလုပ်ပေးပါဦး ဆိုသဖြင့် မြောင်မှ ထွက်ခွာရေး ပြင်ဆင်ရပါသည် ၊ ကိုယ်ဝန် အရင့်အမာကြီး နှင့် မသေးမျှင် ကို သူ့သား { ၂ } ယောက်နှင့်အတူ ယောက္ခမ ဖြစ်သူထံ အတိုးရော အရင်းပါ အပ်နှံလျှက် ၊ ပါလာသော တပ်စု တစ်စု ကို ခေါ်ကာ အရာတော်ဆိုသည့် { ထိုစဉ်က } ရွှေ ကိုမလို ရေကို သာလိုသည် ဆိုသည့် ရေအလွန်ရှား လှသော မြို့ ကလေးဆီ သို့ တွတ်ပီ တစ်ယောက် ချီတက်ခဲ့ရ ပါလေပြီ ။
*** အရာတော်မှာ အတွင်းရေးမှူးဘဝ လှုပ်ရှားမှု လေးတွေ နဲ့ မုံရွာ ဆားလင်းကြီး တဝိုက် လှုပ်ရှား ခဲ့ပုံ လေးတွေ နောက်တစ်ပိုင်း ရေးပြီးရင်တော့ ရှေ့တန်း ထွက်ကြတာပေါ့ဗျာ ၊ သေနတ်သံတွေ ကြားရတော့မှာနော် ၊ နီးလာ ပြီ ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@@

Comments
Post a Comment