***** တပ်ချုပ်ကြီးနှင့် အတူတွဲ၍ တိုက်ခဲ့သော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၆ } *****
ဒီပဲယင်း အကြောင်းလေး နည်းနည်း ဆက်ချင်ပါသေးသည် ၊ မိုက်ရဲသလို ခံရဲသည့် အကြောင်း လေးပါ ၊ တစ်မနက် စောစော တွတ်ပီက ကျန်းမာရေး အတွက် မြို့ပတ် လမ်းလျောက်၏ ၊ မူးမြောင်း လမ်းဆုံ နား အရောက် လှည်းမောင်းလာသူ တစ်ဦး နှင့် ကားလမ်းပေါ် ဆုံမိပါလေသည် ၊ တွတ်ပီ ကလည်း အရပ်ဝတ်နှင့် { ပစ္စတို လေးတော့ ခါးကြား အကျီ င်္ အောက် ထိုးထားလေ သပေါ့ } ၊ ```` ဟေ့ မောင်ရင် ဆေးရုံက ဘယ်နားမှာလည်း ကွ ´´´´ တဲ့ ၊ သူ့လှည်း ပေါ် ကြည့်လိုက်တော့လည်း ဘာ လူမှ မပါ ၊ သေခြာ ကြည့်မိမှ ဖျာကြမ်း တစ်ချပ် လှည်း ပေါ် လိပ် တင်ထားတာ မြင်မိသည် ၊
```` ဘာကိစ္စ ရှိ လို့လည်း ဗျ ´´´´ လို့ မေးလိုက်မိတော့ သူက အေးအေးဆေးဆေး ၊ ပြန်ဖြေ လိုက်ပုံက ```` ငါ လူသတ်လာလို့ပါကွာ ၊ အဲဒါ အလောင်းလာပို့ တာ ၊ မနေ့ညက ငါ့ကို မူးကြောင်ကြောင် လုပ်ပြီး စိန် လာခေါ်တာနဲ့ ဒီဓားနဲ့ တစ်ချက်ထဲ ပိုင်းလိုက်တာပါ ၊ ခေါင်းကတော့ ပြတ်နေပြီ ကိုယ့်လူရေ ´´´´ တဲ့ ၊ သူပြမှ သေခြာ ကြည့်မိသည် ၊ လှည်း ဦး ကင်းမှာ ချိတ်ဆွဲထား သော အရှည် ၂ တောင်ခန့် ရှိမည့် ငှက်ကြီး တောင် ဓားကြီးကလည်း နေရောင် မထွက်သေးတာ တောင် ဝင်းဖိတ် လို့ ၊ သွေး စ သွေးန လေးတွေ ကပ်လျက် ၊
သူ့ သတ္တိ ကို လေးစား မိသောကြောင့် လှည်းပေါ် ခုန်တက်ကာ ဆေးရုံ သို့ တဆက်တည်းကိုယ်တိုင် ပို့ဆောင် ပေးဖြစ်ခဲ့ပါသည် ၊ ဆေးရုံမှ အပြန် ရဲစခန်းထဲဝင်ကာ မြို့နယ်မှူး ကို မှာရပါသေးသည် ၊ လုပ်ခဲ့လို့ ခံရဲ ခဲ့သည့် သူ့ကို အချုပ်ထဲမှာ ကောင်းမွန်စွာ ထားပေးဖို့ ၊ ထမင်းကျွေးရန် အခက်အခဲ ရှိပါက တွတ်ပီတို့ တပ်စု မှ ထမင်း ယူကျွေးဖို့ အကြောင်း ကိုပါ ၊တွတ်ပီက သည်လိုစိတ်ဓာတ်မျိုးမှ မြတ်နိုးသည် လေ ၊
ရဲစခန်းဆိုလို့ ဒီပဲယင်း ရဲစခန်းမှူး အကြောင်း ခေါင်းထဲ ပေါ်လာသည် ၊ သူက အရေးအခင်း ကာလမှာ သပိတ်နှင့် ပူးပေါင်းကာ စိတ်ပါလက်ပါ ဦးဆောင် လှုပ်ရှား ခဲ့သူ တစ်ယောက်ပါပေ ၊ ကောင်စီရုံးက ဂျစ်ကား သူကိုယ်တိုင် ဦးစီးကာ ရေကန်ထဲ တွန်းချ ခဲ့ယုံ မက သူ့ အထက် အရာရှိ မြို့နယ် မှူး ကိုပင် ကလန်ကဆန် လုပ်ကာ အမိန့် မနာခံ ကာပြန် ခဲ့သူ တစ်ဦးပါပေ ၊ သူ့လုပ်ရပ်တွေပြည့်စုံစွာ ရေးပြီး တပ်ရင်းမှူးထံ တင်ပြလိုက် တော့ အရေးယူ ဖို့ စုံခုံ ဖွဲ့ခိုင်းပါသည် ၊ နောက်တော့မှ သူ့မိသားစု ထမင်းအိုး ကွဲမှာ တွတ်ပီ စိတ်မကောင်းမိပြီး သူ့အား အရေးမယူပဲ တစ်နေရာ ပြောင်းရွေ့ ပေးပါရန် တွတ်ပီ တင်ပြ လိုက်တော့ အမြန်ပင် ပြောင်းရွေ့ပေးပါသည် ၊ သူပြောင်းသွားသည့်နေရာ တွတ်ပီ ခုထိ မှတ်မိပါသေးသည် ၊ ပူတာအို မြို့နယ် ၊ နောင်မွန်း ရဲစခန်း သို့ ၊
ဒီပဲယင်း အရှေ့မြောက်ဘက် မူးကမ်းနံဘေး က ရွာများသည် လူဆိုး လူမိုက် အလွန်ပင် ပေါများ လှပါသည် ၊ ထိုရွာများမှ ယောင်္ကျား လေးများ အရွယ် ရောက် မရောက်ကို အသက်ဖြင့် မတိုင်းတာပဲ သူတို့ ခိုးယူ ခဲ့သည့် နွားကောင်ရေ အရေ အတွက်ဖြင့်သာ တိုင်းတာလေ့ ရှိကြောင်း ဆိုရို စကား ရှိပါသည် ၊ ဟုတ်လည်း ဟုတ်လောက်ပါပေသည် ၊ တွတ်ပီ ကိုယ်တွေ့လေး တစ်ခု ရေးပြ ပါဦးမည် ၊ အမှတ်တရ လေး ပေါ့ ၊
တစ်ရက် နေ့လည်ပိုင်း ရုံးမှာရှိစဉ် လူတစ်ယောက် ခြေထောက်မှာလည်း ရွှံ့ တွေ ဗွက်တွေ အလူးလူး ဖြင့် ပေါက်ချ လာပါသည် ၊ ```` ဗိုလ်ကြီး ဆိုတာ ခင်ဗျားလား လုပ်ပါဦး ကျုပ် နွား နှစ်ကောင် ပါသွားလို့ ´´´´ တဲ့ ၊ အကျိုး အကြောင်းမေးကြည့်တော့ မနက်က စောစော သူ့အခင်းထဲမှာ လယ်ထွန်နေကြောင်း ၊ မနက် ၉ နာရီ လောက်မှာ လူမြင်လျင် မှတ်မိသူ ၃ ဦး ရောက်ရှိလာကာ သူ့အား ဓားဖြင့် ချိမ်းခြောက်၍ ကြိုးတုပ် ထားခဲ့ကာ သူ့နွား ၂ ကောင်အား မောင်းနှင် ယူဆောင်သွား ကြောင်း ၊ အတန်ကြာမှ ကြိုးကို ဖြည်ကာ အနီးရှိ ထန်းပင်ပေါ် တက်ကြည့်တော့ ထိုသူများ မှာ ရွာ တစ်ရွာထဲသို့ နွားများ ကို မောင်းဝင် သွားကြောင်း သိရှိ ရသဖြင့် တွတ်ပီလည်း ထိုသူကို တပါတည်း ခေါ်ဆောင်ကာ တပ်စိတ်တစ်စိတ် ကားပေါ်တင်လျက် အပြင်း မောင်းခဲ့ရသပေါ့ ၊
သူညွှန်ပြရာ ရွာ ရောက်ဖို့ တော်တော်မောင်းရပါသည် ၊ ရွာ ရောက်တော့ ရွာလူကြီးများ ခေါ်တွေ့ ၊ မေးမြန်းကြည့်တော့ ဘယ်သူ့ဆီကမှ စကားသံ မထွက်လာ ၊ မသိပါ မမြင်ပါ မတွေ့ပါ ပဲပေါ့ခင်ဗျာ ၊ { ရှမ်းတွေ သူပုန် သတင်း မေးရသလိုပါပဲ ဘယ်ရှမ်း မေးမေး မဟု မဟန် မယင်း ကလွဲလို့ ဘာ အဖြေမှ မပြောကြ } ၊ သည်တော့ တွတ်ပီ အကြံ အိုက်နေစဉ် မြို့နယ်မှူးကြီး ပြောခဲ့ဘူးတာ သွား သတိရလိုက်သည် ၊ ````ဒီနယ်မှာ နွားပျောက်လို့ကတော့ အထောက်အထား ရဖို့ မလွယ်ဘူးဗိုလ်ကြီးရေ ၊ သူတို့က နွား တစ်ကောင် ရလာပြီ ဆိုတာနဲ့ အိမ်ပေါက်စေ့ ဟင်း တစ်တွဲ စီ လိုက်ချိတ် ပေးထားပြီး တခါထဲ နှုတ်ပိတ်ကြပြီး သား ´´´ တဲ့ ၊
သည်တော့ စစ်သည် { ၄ / ၅ } ဦးကို ခေါ်ကာ အနီးရှိ အိမ်များ မှ မီးဖိုချောင်တွေ တက်လှန်ခိုင်းသည် ၊ တွတ်ပီ ကိုယ်တိုင်လည်း အနီးရှိ ကလေးငယ် တသိုက် အဝေးခေါ်သွားကာ ပါလာသည့် သကြား လုံးလေး များ ဝေငှရင်း စည်းရုံးရေး ဆင်းရသည် ၊ ```` သားတို့ မနက်က ဘာဟင်းနဲ့ ထမင်းစား ကြလည်း ´´´´ မေးတော့ မလိမ်မညာ တတ်သော ဖြူစင်သည့် ကလေးများ ပီပီ တညီတညွတ် တည်း ဖြေကြပါသည် ၊ ```` အမဲသား ဟင်း ´´´´ တဲ့ ၊ သည်ကြားထဲ ကလေး တစ်ဦးက အပိုဆောင်း လေးပါ ထည့်ဖြေပါသည် ၊ ```` ဒီနေ့ ကျုပ်တို့ ပိုတောင် စားရသေးဗျ ၊ ပေါ်တာက ၂ ကောင် ဆိုတော့ ´´´´ တဲ့ ၊
မီးဖိုချောင် စစ်ဆေးရေး အဖွဲ့များ ပြန်ရောက်လာတော့ သူတို့ လက်ထဲမှာလည်း ဟင်းခွက် ကလေး တွေ ကိုယ်စီ ယူဆောင် လာကြပါသည် ၊ အမဲသား ဟင်းက လွဲလို့ ဘာများ ဖြစ်ပါအံ့ နည်း ၊ ရွာလူကြီး များ မငြင်းသာတော့ပဲ ပြူးကြောင်ကြောင် ကြည့်နေကြပါသည် ၊ တွတ်ပီ က သူတို့ကို ကြည့်ကာ ခပ်ပြတ်ပြတ် ပြောခဲ့ပါ၏ ၊ ```` ကျုပ် ရွာပြင်က ကုက္ကို ပင်ကြီး အောက်က စောင့်မယ် ၊ ညနေ ၄ နာရီ မထိုးခင် နွား ၂ ကောင် အစားပြန်လာပို့ပါ ၊ လာပို့ တဲ့ နွားတွေက သိပ်ပိန်လွန်းနေရင် ၊ ဒါမှ မဟုတ် အချိန်မီ လာမပို့ နိုင်ရင် ရွာထဲ ကျုပ် ပြန် မလာတော့ဘူး ´´´´ ဟု ဆိုကာ လက်စွဲတော် ၂ လက္မ စိန်ပြောင်း ကို ထုံးစံ အတိုင်းပြသ၍ ပြန်ထွက်လာခဲ့ပါသည် ၊ ၄ နာရီ ထိပင် မစောင့်လိုက်ရပါ ၊ ရွာထဲမှ အတော်အသင့် ချောမောသော နွား ၂ ကောင် ဆွဲပြီး စောင့်နေသော နေရာ လာအပ်ကြပါလေသည် ၊ { တွတ်ပီ မီးလောင်ဗုံးက အဲဒီလောက် အစွမ်း ထက်တာပါဆို } ၊ မူလ ပိုင်ရှင်ထံ နွားတွေ ပြန်အပ်ရင်း ရွာလူကြီးများကိုလည်း ဆုံးမ သတိပေးပြီး တွတ်ပီ တို့ပြန်လာခဲ့ကြပါသည် ၊ { ထိုရွာ နာမည်ကို နမြား လား ၊ မြင်းတပြေးရွာ လား ဝိုးတဝါး ပြန်စဉ်းစား၍ ရသော်လည်း မမှန်လျင် မေတ္တာပို့ ခံ နေရမည် စိုး သဖြင့် အတည်မယူကြပါရန် } ၊
ဒီပဲယင်း မဝတ လုပ်နေစဉ် မှတ်မှတ်ရရ ပြန်သတိရမိသည်က ထိုအချိန် သောင်းကျန်းနေသော အမျိုးသမီး ဓားပြ ခေါင်းဆောင် တစ်ဦး အကြောင်းပါ ၊ သူမက ထိုအချိန် အသက် ၂၅ နှစ် ခန့် သာရှိသေးပြီး လင် နှစ်ယောက်ကို တပြိုင်နက်ထဲ ယူကာ ပေါင်းနေသည် ဆို၏ ၊ ဓားပြတိုက်ခံရသူများ ယောင်နန လုပ်နေပါက သူမက ပါရှိလာသော ဓားပြားဖြင့် ကြောရိုက်ကာ မကြာခဏ ဆုံးမလေ့ရှိပြီး လုပ်သေနတ် ၃ လက်ပါရှိ ကာ အလွန် လက်သံ ပြောင်သော ဓားပြ အဖွဲ့ဟု ထိုစဉ်က အလွန်နာမည် ကြီးလှပါသည် ၊
နယ်ခံ ရဲများနှင့် အမာခံ သတင်းပေးများ အကူအညီ ကို ရယူကာ သူ့အဖွဲ့ လှုပ်ရှားမည့် နေရာတိုင်း တွတ်ပီ ကိုယ်တိုင် ဦးစီးကာ ညအချိန် ချီတက်၍ ကင်းပုန်း { ၃ / ၄ } ကြိမ်ခန့် သွားဝပ် စောင့် ဆိုင်းပါသော်လည်း တစ်ကြိမ်မှ မကြုံကြိုက်ခဲ့ပါ ၊ သူ့အဖွဲ့နောက် သဲကြီး မဲ ကြီး နောက်ယောင်ခံ လိုက်နေကြောင်း သိသွားသည်ထင့် ၊ ရွှေဘိုနယ်ဘက် ကူးပြောင်း ခြေရာ ဖျောက်သွားကြောင်း နောက်ဆုံး သတင်းသာ သိရပြီး တွတ်ပီလည်းလက်လျှော့ခဲ့ရပါသည် ၊ { အသက်ကငယ်ငယ် ၊ လင်နှစ်ယောက် တပြိုင်ထဲ ပေါင်းနေသော ထိုမိန်းမ ဘာတွေ များ စွမ်းနေပါလိမ့် ဟု သိချင်စိတ်က တွတ်ပီ ရင်ထဲ ခုထိ ရှိနေဆဲ ပါ } ၊
နယ်မြေအခြေအနေကား သေနတ်သံတွေ တိတ်ဆိတ် ၊ ပုံမှန် ရောင်းဝယ် ဖောက်ကားမှု များဖြင့် ပြန်လည် စည်ကား စပြုလာပြီမို့ တွတ်ပီ မှာ ဝမ်းသာ မဆုံး ၊ ထိုအတောအတွင်း မုံရွာ တဘက်ကမ်း ညောင်ပင်ကြီး ဘက်မှ လူနှင့် ရဟန်းဝတ် { ၂၀ } ခန့်ပါသော ထွက်ပြေးလာသည့် သပိတ် အဖွဲ့ တစ်ဖွဲ့ကို ညောင်လှ ရွာအနီး ဖမ်းဆီးရမိသဖြင့် အလုပ်ရှုပ်ရပါသေးသည် ၊ ထို အဖွဲ့က သပိတ်ရံပုံငွေ { ၃ } သိန်းကျော် ယူဆောင်ကာ အိန္ဒိယ နယ်စပ်ဘက်သို့ ထွက်ပြေးရန် အသွား လမ်းမှာ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပါသည် ၊ တပ်က အာဏာသိမ်းပြီဆိုတော့ မဟုတ်တာ လုပ်လာခဲ့သော သူတို့ အဖွဲ့ တွေ လည်း ပြေးဖို့ ကြံကြရသည်ပေါ့လေ ၊
ဒီပဲယင်းမှာ တစ်လခန့် အကြာမှာပင် မိုင်း ယန်း မဲသဝေါ အရေးအခင်း တွေ ဖြစ်တာ ကြားရပါလေသည် ၊ မိုင်းယန်း က ဒုတပ်ရင်းမှူး မှူးတင်အောင်မြင့်ဦး မှာ တွတ်ပီ တပ်ခွဲမှူး တစ်ဦးဖြစ်ကာ သူ့အကူရဲဘော် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပါလေသည် ၊ { တွတ်ပီ ရေးသားထားသော နေမင်းရောင်နှင့် လေးမာရ်အောင် စစ်ဆင်ရေး တွင်ပါရှိပါသည် } ၊ သူ့အတွက် စိတ်ပူ မိသလို တွတ်ပီ မိခင်တပ်ရင်း ခလရ ၇၆ မဲသဝေါ မှာ အကျအဆုံး များနေကြောင်း ကြားသိရသဖြင့် စိတ်ကမကောင်း၊
သို့နှင့် တစ်ညနေမှာ TE 11 စစ်ကားတစ်စီး ရုံးရှေ့ ထိုးဆိုက်လာကာ ကားပေါ်မှတွတ်ပီတို့တပ်က ဗိုလ်စိန်မြင့် OTS 69 ဆင်းလာပြီး သူနှင့်အတူ တပ်စု တစ်စုလည်း ပါလာပါသည် ၊ ```` ညီလေး တပ်စု နဲ့အတူ မနက်ဖန် ဒီကား နဲ့ မုံရွာ လာသတင်းပို့ဖို့ တပ်ရင်းမှူးက မှာလိုက်တယ် ၊ ညီလေး တာဝန်တွေတော့ ကိုယ့်ကို လွှဲခဲ့ရမှာ ပေါ့ကွာ ´´´´ တဲ့ ၊ ဆက်သွယ်ရေး စက်လည်း မရှိသော တွတ်ပီ တပ်စု ဘာမှ ကြို မသိခဲ့သဖြင့် ပထမတော့ ကြောင်အမ်းအမ်း ဖြစ်သွားသည် ၊ သူခိုး ဓားပြ နှိမ်နင်းတာ အင်မတန် တော်တဲ့ တွတ်ပီကို ဘယ်များ ပို့ဦး မှာပါလိမ့် ၊ ဗမပြည် အလယ်ပိုင်း တလျောက်တော့ ဒီထက် သူခိုး ဓားပြ ပေါတာ ဘယ်နယ်မှ မရှိတော့ပါဘူးလေ ဟု စိတ်ကို ဖြေသိမ့်ကာ တာဝန်တွေ လွှဲပြောင်းပြီး ခရီးသွားဖို့ ပြင်ရပါလေ၏ ၊ ဘယ်သူနှင့်မှ ဟုတ်တိ ပတ်တိ မသိကျွမ်း ခဲ့သလို ဘယ်သူ့မှလည်း နှုတ်ဆက်စရာ မရှိ ခဲ့ပါ ၊
မနက်လင်းတော့ ရုံးက စာရေးမလေးတွေ မျက်နှာ မကောင်းစွာဖြင့် ကြက်ဥ အလုံး ၂၀ ခန့်နှင့် သားရေ ညှပ်ဘိနပ် အသစ်ကလေး တစ်ရံ လက်ဆောင် ပေးကာ လာရောက် ကန်တော့ကြ၏ ၊ ပါလာသည့် ဆင်ကြယ်ဘိနပ် အဟောင်းလေး သဲကြိုး ပြတ်သွား သဖြင့် သူတို့ဆီက တွယ်ချိတ် တစ်ချောင်း တောင်းပြီး ချိတ်တွယ်ကာ စီးနေရသည့် ဘိနပ် အသစ် မဝယ်နိုင်ရှာသော သူတို့မဝတ ဥက္ကဌ ကြိး အဖြစ်ကို ကြည့်ကာ သူတို့ စိတ်ကောင်း ကြဟန် မတူပါ ၊
တွေ့ကြုံ ဆုံ ကွဲ ဖြစ်မြဲ ဓမ္မတာ ပါပဲ လေ ဟု စိတ်ကိုဖြေသိမ့်ကာ နံနက် စောမှာပင် တွတ်ပီ ဦးစီး တပ်စု ဒီပဲယင်း ဆိုသော တောမကျ မြို့ မဟုတ် ဒေသ လေးဆီ မှ ထွက်ခွာ လာခဲ့ရပါပြီ ၊ လမ်းမှာ ကောက်ရိတ်နေကြသော လယ်သူမ များက ပြုံးပြ နှုတ်ဆက် ကြလျက် ၊ မင်းခ စား တွတ်ပီ တစ်ယောက် သောင်ပြင်လွှတ်သည့် ရွှေဟသာင်္ လေး ပမာ ဘယ်ဆီ ကိုများ မြန်းရမှာပါလိမ့် ၊ တာဝန်ပေးရာ ပေါ့လေ ၊ စစ်သားပဲ ။
*** ဆေးစက်ကျရာ အရုပ်ထင်ရသော တွတ်ပီ တို့ စစ်သားဘဝ ရှေ့အပိုင်းလေးတွေ စောင့် ဖတ်ကြပါဦးဗျာ ၊ တိုက်ပွဲကြောင်းတော့ မပြောသေးနဲ့ဦး ၊ ရေးပေး မှာ ပါ သည်တိုက်ပွဲ ရေးချင်လွန်းလို့ ဦးတည်ထားတာပါဆို ၊ လောလောဆယ်တော့ အာရုံ စေစားရာ သွားပါရစေဦး ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@@

Comments
Post a Comment