***** တပ်ချုပ်ကြီး နှင့် အတူတွဲ၍ တိုက်ခဲ့ရသော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၁၇ } *****
ရန်သူ့ သတ်ကွင်းနှင့် နီးလာလေ လိုက်ကျင်း တူးရ ပိုခက်လေပါပေ ၊ ကေအင်န်ယူ တို့ကလည်း သူတို့ စခန်းဆီသို့ ကျင်းတူး ချဉ်းကပ် နေသော တွတ်ပီ တို့ တတွေ ကို လက်ပိုက် ကြည့်နေ လေသည် မဟုတ်တော့ ပစ်ခတ်မှုတွေက ပိုစိပ် လာသည် ၊ မှူးဗက စိုးတင့် ဦးစီး ခွဲ ၄ ကလည်း ဒုဗိုလ်စိုးမိုးနိုင် ဦးစီး တပ်စုကို ရှေ့တင်ကာ ဝမ်ခသွား ကားလမ်း တောင်ဘက်ခြမ်းမှ ကားလမ်းနှင့် အပြိုင် လိုက်ကျင်း တူး ချဉ်းကပ်နေရာ သူတို့ဘက်ကတော့ မြေမာ သဖြင့် တူးရ အလွန်ခက်ကြောင်း သိရပါသည် ၊ တွတ်ပီ တို့ဘက်မှာကတော့ အခက်ခဲဆုံး နေရာ တစ်နေရာသာ တွေ့ခဲ့ရပါသည် ၊ ဝမ်ခသွား ကားလမ်းအား ဖြတ်၍ တောင်ဘက်သို့ ဆက်တူးစဉ် ကားလမ်းအဖြတ်နေရာ မှာ အလွန်ပင် မာကြောကာ ပေါက်ချွန်းဖြင့် တူးဆွ ကော်ထုတ် သော်လည်း ဖောက်မရ ၊ ရှေးခေတ် ကားလမ်းကြီး ဖြစ်သည့်အပြင် အောက်မှာ ကျောက်တုန်းတွေ ကတ္တရာ တွေ နှင့် မို့ လုပ်အား နှင့် အချိန် အတော် ပေးလိုက်ရပါသည် ၊
ကားလမ်းကို ဖြတ်တူးပြီး မကြာမီ မှာပင် ရန်သူ့ သတ်ကွင်းထိပ်နှင့် ကိုက် ၃၀ အကွာခန့်ရေက်တော့ ဆက်တူးလို့ မရတော့ပါ ၊ စခန်းတွင်းရှိ ရန်သူက ပွိုင့် 5 အပါအဝင် လက်နက်ကြီး လက်နက်ငယ်များ ဖြင့် မနားတမ်း ပစ်ခတ် ဟန့်တားလာ၍ ဖြစ်ပါသည် ၊ အထက်ဌာနများကတော့ မရမက တွန်းအား ပေးပါသည် ၊ သတ်ကွင်းကိုပါ ဖြတ်ပြီး လိုက်ကျင်းတူး ချဉ်းကပ်ရန်နှင့် သံဆူးကြိုး ကာရံ ထားသော ရန်သူ့ ဗူးဝ ရောက်တာတောင် မရပ်သေးပဲ သံဆူးကြိုး အောက်မှ ပက်လက်လှန် တူးကာ အနီးဆုံးနေရာ ရောက်သည် အထိ ချဉ်းကပ် ရမည် ဆိုပဲ ၊
သူတို့က မြေပြင် ဆင်းမကြည့်ပဲ ဇွတ်အတင်းသာ မောင်းတင်နေသည် ၊ လက်တွေ့ လုပ်နေရသော ရှေ့ဆုံးက တွတ်ပီတို့ ဒုက္ခ တွေကို ကျ ဘယ်သူမှ မသိကြ ၊ တစ်ရက်မှာ ခပ်ဖလူးကုန်း တောင်ခြေ အနား အရာရှိများ ခေါ်၍ သရုပ်ပြ ကြည့်ရပါသေးသည် ၊ ဓာတ်ဆီ ပုလင်းဖြင့် ရန်သူ့ အိုဗာဟက်များ ဖောက်ခွဲနည်း လက်တွေ့ ပြသ ခြင်း ဆို ပဲ ၊ ဓာတ်ဆီ အပြည့်နီးပါး ထည့်ထားသော အာမီရမ် အရွယ် ပုလင်း လည်ပင်းမှာ အဝတ်စ မီးရှို့၍ ရန်သူ့ ကတုတ်ကျင်း အတွင်း ပစ်သွင်းကာ မီးလောင် ပေါက်ကွဲ စေရန် ရည်ရွယ် သည် ဆိုပဲ ၊
လက်တွေ့ စဉ်းစား ကြည့်ကြပါ ၊ ပုလင်းတစ်လုံး ကို ဆီ အပြည့်ထည့်၍ ဘယ်လောက် အားသန်သူပဲ ဖြစ်ပါစေ ၊ ကိုက် ၅၀ ထက် ဘယ်သူမှ ရောက်အောင် ပို မပစ်နိုင်ပါ ၊ ဒါတောင် သေ ခြာ မတ်တပ်ရပ်ပြီး အားစိုက် ခွန်စိုက် ပစ်နိုင်ပါမှ ၊ ဝမ်ခ အဝင်ဗူးဝ မှာက သံဆူးကြိုး ၁၁ ထပ် ကာရံ ထားသည် ၊ သံဆူးကြိုး တစ်ထပ်ကို ၅ ကိုက် စီ ကွာခြား၍ ကာရံ သည် ထားပါဦး ၊ ဘယ်နည်းနဲ့မှ ရန်သူ့ အိုဗာဟက် ထဲ ဓာတ်ဆီ ပုလင်း မရောက်နိုင်ပါ ၊ တကယ်ဆို ဘန်ကလို တိုပီဒို လိုမျိုး ကို စစ်မြေပြင် အင်ဂျင်နီယာ တပ်က စစ်သည်များ အသုံးပြု၍ ဖောက်ခွဲ ၊ အကာအရံ သံဆူးကြိုးတွေ ချိုးဖျက် ၊ ပေါက်ကွဲအား ပြင်းပြင်း ဖြင့် မြေကြီး တူးမြောင်း များသဘွယ် ဖြစ်ပေါ် စေပြီးမှ ခြေလျင် တပ်က ထပ်ချပ်လိုက် ဝင်ရောက် ချေမှုန်း လုပ်ရမည် မဟုတ်ပါလား ၊ အခုတော့ နိုင်ငံက ဆင်းရဲ တပ်မတော်က မွဲ မို့ ဘာမှ ခေတ်မမီ ၊ အထူးသဖြင့် အနောက်အုပ်စု များက ပိတ်ဆို့ ထားချိန်မို့ ဘာ စစ်လက်နက် ပစ္စည်း မှ ဝယ်မရ ၊ ဝယ်ဖို့ရာလည်း နိုင်ငံခြား သုံးငွေ အလုံ အလောက် ရှိပုံမရ ၊ သည်တော့ ရှိသည့် လူ အရင်း အမြစ်ကိုပဲ အသုံးချကာ အရင်းအနှီး ပေး ခိုင်းခံ နေရသည့် ဘဝ ၊
အစမ်းသပ်ခံ လူသားများ ဘဝ ၊ ဖြစ်ရပ်ကလေး တစ်ခု ပြန်မှတ်မိ ပါသည် ၊ ခလရ ၄ မှဟု ထင်ပါသည် ၊ အင်အား ၆ ယောက်ပါ လက်ရွေးစင် တပ်စိတ်တစ်စိတ်ကို ရန်သူ့ သတ်ကွင်း အလယ် ညအချိန် ချီတက် ချဉ်းကပ်စေပြီး ၊ နောက်မှ သစ်လုံးများ လူဖြင့် ထမ်းပို့ကာ အိုဗာဟက် တစ်လုံးဆောက်ခိုင်းပြီး သွားရောက် နေရာယူခိုင်းသည် ၊ မနက်မိုးလင်းသောအခါ သတ်ကွင်းအလယ် ထီးထီးကြီး မြင်တွေ့နေရသော ထိုအိုဗာဟက်ကို အဘယ်ရန်သူက အလှကြည့် နေပါအံ့ နည်း ၊ သူတို့နှင့် ကိုက် ၂၀၀ ပင် မဝေးကွာသော ထိုဘန်ကာ အသစ်စက်စက်လေးကို စခန်းတွင် ရှိသည့် ၅၇ မမ ၊ ၇၅ မမ နောက်ပွင့် ရိုင်ဖယ် များဖြင့် ပြောင်းထိုး ချိန်ရွယ်ကာ တစ်နေကုန် စိတ်ကြိုက် ပစ်ခတ် ကြပါလေ၏ ၊ ဘန်ကာမှာ လုံးဝ ပြိုပျက်ကာ အထဲရှိ စစ်သည်များ မှာ နောက်ပြန် ဆုတ်ဖို့ကလည်း သတ်ကွင်း ပြန်ဖြတ်ရမှာမို့ မဖြစ်နိုင် ၊ နေ့ခင်းကြောင်တောင် သူတို့ စိတ်ကြိုက် ပစ်ခတ် ချေမှုန်းမှု ခံရကာ ပိတ်မိနေပြီး ည မှောင်ချိန်မှ အမှောင်ထု ကို အကာအကွယ် ယူကာ ပြန်ဆုတ်ခဲ့ရသည် ၊ ဒါတောင် ရန်သူ့ပစ်ခတ်မှုကြောင့် ၄ ယောက်ကျကာ ၂ ယောက်ဒဏ်ရာဖြင့် လွတ်ခဲ့သည်ဟု ကြားသိရသည် ၊ သက်သက် စတေး ခံ စမ်းသပ်ခြင်း ဟု တွတ်ပီ တော့ ထင်မြင်မိပါသည် ၊ ဘယ်နှယ့်ဗျာ ရန်သူက သူ့ မျက်စေ့ စပါးမွှေး လာစိုက်နေတာ ဆွဲ မနှုတ်ပဲ နေပါဦး မလား ၊ တချို့ လုပ်ရပ်တွေ ကို တွတ်ပီတော့ လုံးဝ နားမလည် နိုင် ၊ ကိုယ်ပဲ စစ်ပညာ နားမလည်တာများ လား ပြန်တွေး မိသည် ၊ ထိုနေ့က ရန်သူကို ပြန်လည် ပစ်ခတ်ရင်း ကောင်တာ ၅၇ မမ ထိမှန်ကာ ခလရ ၄ မှ ဗိုလ် မင်းကိုကို လားမသိ ၊ ထိမှန် ကျဆုံး ခဲ့ရပါသေးသည် ၊
ကားလမ်းမ ကို လိုက်မြောင်းတူးကာ ဖြတ်ကျော်မရ အလွန်ခက်ခဲ နေစဉ် အတွေး တစ်ခုပင် တွတ်ပီ ခေါင်းထဲ ဝင်လာမိသေး ၊ အိုမီဂါ ကွေ့ ဗူးဝ ၏ အကျဉ်းဆုံး နေရာမှာ ကိုက် ၂၀၀ ခန့်သာ ကျယ် သဖြင့် ထိုနေရာကို ဘူဒိုဇာ များ အသုံးပြု ၊ ဖြတ်ဖောက်ကာ သောင်ရင်းမြစ်ကို ဖြောင့်စီးစေခြင်း ဖြင့် တဘက်နိုင်ငံ ပိုင်နက်ထဲ ထိုနယ်မြေ ရောက်အောင် လုပ်ပေး လိုက်ရင် ကောင်းမှာ ဟု ၊ အမှန်တော့ မဖြစ်နိုင်မှန်းသိပါသည် ၊ နိုင်ငံ၏ ဂုဏ်သိက္ခာ အတွက် ကိုယ့်ရေ ကိုယ့်မြေ တစ်လက္မ မျှ အဆုံးအရှုံး ခံ၍ မရပါ ၊ ကိုယ့်ဘက်က အရင်း အနှီးတွေ များလှ ပြီ ဖြစ်သဖြင့် တွေးမိတွေးရာ ကြံစည်မိသော်လည်း ရွှေ မထွက် ၊ ရေနံ လည်း မထွက်သည့် ထိုမြေနေရာ ကျဉ်း လေး အတွက် အမိ မြေ မို့ အသက်တွေ ပေးဆပ်ကြရမှာမို့ ဝန်တော့ မလေးပါ ၊
ကျားကုပ် ကျားခဲ ရန်သူ့ ပစ်ခတ်မှုများ အ ကြား ရင်ဆိုင် ကျင်းတူး ချဉ်းကပ် နေရပါသည် ဆိုသည့် အထဲ တစ်ရက်တော့ တွတ်ပီတို့ တပ်ခွဲကို ဆွဲထုတ်ကာ မဲပလဲ ရိက္ခာ ပြန်ထုတ်ခိုင်း၏ ၊ တပ်ရင်း တစ်ရင်းလုံးစာ မို့ ပါရှိလာသည့် စစ်ဆင်ရေး အထမ်း သမား ၁၀၀ ကျော်နှင့် အတူ နံနက်စောစော ထထွက်ပြီး ထီးချရား ဘုန်းကြီးကျောင်း မှာ ခဏနားစဉ် တပ်ခွဲမှူးနှင့် စကားပြောဖြစ်သည် ၊ ယခင် မဲလ စစ်ဆင်ရေးပါတ်က လိုအပ်သည့် ရိက္ခာ ခဲယမ်း မှန်သမျှ နောက်ချန်တပ်များက လာပို့ပြီး ရှေ့က တပ်များမှာ ချေမှုန်းရေးသာ အဓိကထား လုံးပမ်းရသဖြင့် လူသက်သာကာ စိတ်ဓာတ်များလည်း ပိုမို ကောင်းမွန်စေကြောင်း ၊ ထို့ပြင်အသားဘူး ငါးဘူး မှ အစ သားစိမ်း ငါးစိမ်းပင် မပြတ်စားရအောင် အထက်ဌာန များမှ စီစဉ်ပေးကြောင်း တွတ်ပီ က နှိုင်းယှဉ် ပြောပြသောအခါ သူက ပါးစပ် အဟောင်းသား ၊ ```` ကျွန်တော်ပါ တဲ့ အခေါက် ကျမှ ခင်များ တို့လည်း ကံမကောင်း တာပေါ့ဗျာ ´´´´ ဟုသာ ပြော ရှာပါသည် ၊ တွတ်ပီ တို့ ဝမ်ခသစ် အခြေ ရောက်နေသည်မှာ တစ်လ နီးပါး ရှိပါပြီ ၊ တစ်ခါမှ သားစိမ်း ငါးစိမ်း မစားရဘူးပါ ၊ တကယ်ဆို မဲပလဲ ဝှေရှမ်း လောက်က အမဲ ဝက် စသည်ဖြင့် ဝယ်ပေါ်ပြီး ရှေ့တန်း တပ်များထံ ပေးပို့၍ မဖြစ်နိုင်ပြီ လော ၊ ကျသင့်ငွေ ကို ရိက္ခာစိုငွေ ထဲမှ ပြန်ဖြတ်၍ ရသည်လေ ၊ ထိုသို့ တစ်ခါမှ မပို့ဘူး သည့် အပြင် ယခုတော့ ကိုယ်စားမည့် ရိက္ခာ တောင် ကိုယ့်ဖာသာ ပြန်ထမ်း နေရသည့် အဖြစ် ၊ ပြီးတော့ နီးနီး နားနား မဟုတ် ၊ မိုးထဲ ရေထဲ အသွား အပြန် မိုင် ၄၀ ၊ အတော်ပင် ပစ်စလက်ခပ် နိုင်လွန်းသည့် အုပ်ချုပ် ထောက်ပံ့မှု ပါပေ ၊ လုပ်ရက် ကြပါ့လား ဟုသာ ထင်မှတ်ရပေတော့သည် ၊
မဲပလဲ ချောင်းကို တပ်မတော်သုံး မော်တော်ဘုတ် စက်လှေဖြင့် ဖြတ်ကူးပြီး စခန်းမှာ ရိက္ခာထုတ်ယူ ကြရပါလေသည် ၊ ထိုစဉ် တွတ်ပီ ငယ်သူငယ်ချင်း တစ်ယောက်နှင့် မမျှော်လင့် ပဲ ဆုံတွေ့ခဲ့ ရပါသေးသည် ၊ သူကား တွတ်ပီ နှင့် ၁၉၇၈ ကထဲက မိခင်တပ် ခလရ ၇၆ မှာ ရဲဘော်ဘဝ စစ်ဆင်ရေးပေါင်း များစွာ အတူ လက်တွဲ ဆင်နွဲခဲ့ဖူး သော တပ်သားငွေသိန်း { ကရင်ကြီး ကပ ၄၆၂ } ပါပေ ၊ ပေါင်နားက ဇင်းကျိုက်ဇာတိ ငွေသိန်း က တပ်မ ၄၄ လက်အောက်ခံ တပ်ရင်း တစ်ရင်းနှင့်အတူ ပေါ်တာ အဖြစ်ပါလာခြင်းပါ ၊ သူသည် တွတ်ပီ ဗိုလ်လောင်း မတက်မီ ကပင် မိန်းကလေး တစ်ဦး ပြသနာ ဖြင့် တပ်မှ လက်နက်မဲ့ ခွင့်မဲ့ ပျက်ကွက် ဖြစ်သွား သူ ဖြစ်ပါသည် ၊
တွတ်ပီ က စတင်မြင်ပြီး လှမ်းခေါ် နှုတ်ဆက်သော အခါ သူလည်း မထင်မှတ်ပဲ ပြန်လည် တွေ့ရသဖြင့် အလွန်ပင် ဝမ်းသာ သွားပါသည် ၊ တွတ်ပီ ကို အရာရှိ တစ်ဦးအဖြစ် ပြန်လည် တွေ့ဆုံရ၍ အံ့အားလည်း သင့်သွားပါသည် ၊ သူက အထမ်းသမား အဖြစ် အငှား လိုက်လာခြင်း ဖြစ်ပြီး တစ်လ ၃၀၀၀ိ ရသည်ဟု သိရပါသည် ၊ တွတ်ပီက တို့တပ်နဲ့ လိုက်ခဲ့ပါလား ခေါ်သော်လည်း သူလိုက်ပါလာသည့် တပ်မှာ မကြာခင် ပြန်နားတော့မှာ ဖြစ်၍ မလိုက်လိုတော့ ကြောင်းပြောသဖြင့် သူ့တောင်းဆို ချက် အရ မဲပလဲ မှ အရက်ဝယ် တိုက်ခဲ့ရပါသေးသည် ၊ ဤ ကား ရိက္ခာ ထုတ် ခရီးစဉ် မှ အမှတ်တရ ဖြစ်စဉ် တစ်ခုပါ ၊
မိုးထဲ လေထဲ ရွှံ့ တွေ ဗွက်တွေထဲ တဗိုင်းဗိုင်း လဲကျရင်း ညနေမိုးကြီး ချုပ်မှ ဝမ်ခ အခြေ ပြန် ရောက်ပါသည် ၊ မောလိုက် သည်မှာလည်း မ ပြော ပါနှင့် တော့ ၊ ခြေကုန် လက်ပမ်းကျကာ ညနေစာပင် မစားနိုင်တော့ ၊ မဲပလဲ ရောက်စဉ် တစ်ခု အမြတ်ရခဲ့သည်က ကြိုက်နှစ်သက်လှသော ဆေးလိပ်ကို အစည်းလိုက် ဝယ်ယူ သောက်ခွင့် ရခဲ့ ခြင်းပါ ၊ ရှေ့တန်း စစ်ဆင်ရေးမှာ ဆေးလိပ် ပြတ်ခြင်း ဝေဒနာက အတော်ပင် ဆိုးလှ ပါသည် ၊ ထိုစဉ်က ဆေးလိပ် သောက်နေဆဲဖြစ်သဖြင့် တွတ်ပီ တစ်ယောက် ဆေးလိပ် အပြတ်မခံနိုင်ပါ ၊ ဆေးလိပ်ဆို၍ သတိရတာလေး တစ်ခု ရေးချင်ပါသေးသည် ၊ တွတ်ပီ တို့လို ဆေးသမား များ အပေါ် လက်ရုံးတပ်ဖြစ်သော အမြောက်တပ်ဖွဲ့ဝင် အချို့က အမြတ် ကြီး စားကြခြင်းပါ ၊ အမြောက်တပ်ဖွဲ့ကတော့ မဲပလဲ၊ သင်္ဃန်း ညီနောင် တို့ဖြင့် အဆက်အသွယ် မပြတ်၍ လိုအပ်တာ အကုန်ဖြည့်ဆည်း နိုင်ပုံရပါသည် ၊ သူတို့ဆီက ဆေးလိပ် ဝယ်သောက်ကာ ပြသနာ ကို ဖြေရှင်း ရခြင်းပါ ၊ မဲပလဲ မှာ အလိပ် ၅၀ ပါဆေးလိပ် တစ်စည်း { ၁၈ိ } လောက် ပေးရသည့် အချိန် သူတို့က ရှေ့တန်းမှာ တစ်လိပ် တစ်ကျပ် ရောင်းပါသည် ၊ အလိပ်လိုက် မဝယ်နိုင်သူ ရဲဘော် များကျ တစ်ဖွာ ၅ မူး ၊ ၃ ဖွာ တစ်ကျပ်တဲ့ ၊ တချို့ရဲဘော်များက ဆေးလိပ် တစ်လိပ်ကို ၂ ဖွာနှင့် ကုန်အောင် သောက်ပစ်နိုင်သည် ဟု ပြန်ကြားရပါ၏ ၊ အမြောက် တွေ စီးပွားရေး သောင်းကျန်းကြပုံများ ကိုယ်တွေ့ပါ ၊ { ယခင်က ပြောတာနော် ၊ အခုခေတ် မဟုတ်ပါဘူး ** ဖရင့်ထဲ အမြောက်က ဗျူဟာမှူး တစ်ယောက် ပါနေတော့ အားနာ လို့ပါ ** } ၊
ရန်သူ့ သတ်ကွင်း နေရာ ကို ဆက်သွယ်ရေး မြောင်း တူး၍ မည်သို့မှ ကျော်ဖြတ် နိုင်စွမ်း မရှိ တော့ပါ ၊ ကိုက် လေး ငါးရာပင် မဝေးတော့သော နေရာအထိ ရန်သူက လည်း ဘယ်နည်းနှင့်မျှ ဆက်၍ အကပ် မခံ ကြတော့ပါ ၊ သူတို့လည်ပင်း လာစွပ်တော့မည့် ကြိုးကွင်း ကို သူတို့လည်းအနားရောက် အောင်ထိ ဘယ်စောင့်ကြပါမည်နည်း ၊ နေ့ရောညပါ ဆက်သွယ်ရေး မြောင်းထိပ်တဝိုက် ပစ်ခတ်မှုဖြင့် ထိန်းချုပ်ခြင်းကို ခံရ ပါလေသည် ၊ သူတို့နှင့်လည်း လက်နက်ငယ် တစ်ကမ်း အကွာ ရောက်ဖို့က သိပ်မလိုတော့ပြီ လေ ၊
မြေပြင်က ပကတိ အခြေအနေမှန်ကို သိရှိ သွားပြီ ဖြစ်သော အထက်ဌာန များက သတ်ကွင်းကို မိမိ တပ်များ အထိအခိုက်နည်းစွာ ဖြတ်ကျော် နိုင်ဖို့ တစ်မျိုး ကြံပါလေ၏ ၊ သတ်ကွင်း အတွင်း ညအချိန် တိတ်တဆိတ် ဝင်ရောက် ပြီး ကျင်းတူး ၍ ထိုကျင်း များထဲ ယမ်းများ သိပ်ထည့်ကာ ၊ စစ်မြေပြင် အင်ဂျင် နီယာ တပ်များ အကူအညီဖြင့် မိုင်းဖောက်ခွဲ ပြီး ဝပ်ကျင်းများ ပြုလုပ်ထားရန် ဖြစ်ပါသည် ၊ ထိုအလုပ်မှာ လည်း အပြောလွယ်သလောက် အလုပ်ခက်လှ ပါသည် ၊ နေ့ရော ညပါ ဒလစပ် ပစ်ခတ်နေသည့် ရန်သူ့ သတ်ကွင်း အတွင်း ဘာ အကာအကွယ်မှ မပါပဲ တက်ရောက် ကျင်းတူး ရန် ဆိုတော့ စဉ်းစား သာ ကြည့်ကြပါတော့ ၊ရန်သူက ညအချိန် ဆိုလည်း ၆၀ မမ လေထီး မီးကျည်များ ကောင်းကင်ယံ ပစ်ဖောက်ကာ အလင်းရောင် ထွက်ပေါ်စေလျက် မိမိ တပ်များ ချဉ်းကပ် မှုကို ကာကွယ် ထား တတ်ကြသည်လေ ၊
စစ်တပ်မှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါ ၊ မဖြစ်သေးတာသာ ရှိသည် ဆိုသော စကားရပ်နှင့် အညီ ရန်သူ့ သတ်ကွင်းထဲ ညအချိန် ဝင်ရောက် ကျင်းတူး ဖို့ လက်ရွေးစင် ရွေးချယ် တာဝန် ပေးဖို့ စီစဉ် ရပါလေသည် ၊ သတ္တိ ကောင်းသူ ၊ အမိန့်နာခံ တတ်သူ အရာရှိ { ၁ } ဦး ၊ အကြပ် { ၁ } ဦး နှင့် စစ်သည် { ၅ } ဦး ၊ စုစုပေါင်း { ၇ } ဦး စီစစ်ရွေးချယ် ပြီး ရန်သူ့ သတ်ကွင်းထဲ { ၇ } ညတိတိ ထိုးဖောက် ဝင်ရောက်ကာ ၊ တစ်ဦးလျင် တစ်ည တစ်ကျင်း နှုန်းဖြင့် ကျင်းပေါင်း { ၄၉ } ကျင်း တိတိ ရရှိ အောင် တူးဖော်ရမည် ၊ ထိုသတ်မှတ်ကျင်းများ တူးဖော် ရရှိ ပြီးနောက်တွင် သတ်ကွင်းကို ဖြတ်ကျော်ကာ ရန်သူ့ ခြံစည်းရိုးများအနီး ချဉ်းကပ်၍ စခန်းသိမ်း တိုက်ပွဲ ဆင်နွဲ ကြမည် ဟူ သတတ် ၊
သတ်ကွင်း အတွင်း ညအချိန် ထိုးဖောက်ဝင်ရောက်၍ ဘီးဟိုက် ကျင်းတူးရန် လက်ရွေးစင် ကွန်မင်ဒို အဖွဲ့အဖြစ် ခွဲ ၃ မှ တပ်ကြပ် အောင်သိန်း ဆွေ ဦးစီး စစ်သည် { ၆ } ဦး ကို ထုတ်နှုတ်ရွေးချယ် ဖွဲ့စည်း ပေးခဲ့ပါသည် ၊ ဦးဆောင်သူ အရာရှိ က ကော ဘယ်သူ ဖြစ်ပါမည်လည်း ၊ မှန်ကန်အောင် ခန့်မှန်း ပေးနိုင်သူရှိလျင် ဖုန်းဘေလ် ၁၀၀၀ိ ဖိုးစီ ဖြည့် တင်းပေးရန် ဆန္ဒ ရှိပါသော်လည်း စာဖတ်သူ အားလုံး နီးပါး အဖြေမှန်သာ ပေးနိုင်ကြမည် ဟု ယုံ ကြည်သဖြင့် မမေးလိုတော့ပါခင်ဗျား ။
*** ကဲ စခန်းတိုက်ဖို့ တဆင့်ပဲ ကျန်ပါတော့တယ် ၊ နောက်တစ်ပိုင်း မှာတော့ ငှက်ပြောဖက် နုနု လေး နဲ့ အသက်ကို လုံအောင် ထုပ်ထား ကြရတဲ့ ကွန်မန်ဒို စစ်သည် အတွေ့အကြုံ တွေနဲ့ စခန်း ချဉ်းကပ် တိုက်ခိုက်ပုံ တွေ ပါလာတော့မှာပါ ၊ အရေးထဲ ဖရင့် တစ်ယောက်က စစ်ပွဲတွေ ဖတ်ရတာ ပျင်းလို့ အချစ် အကြောင်းလေးတွေ ပါအောင် ရေးပေးပါ တောင်းဆို နေလို့ ဖျင် ယားလို့မှ မကုပ် နိုင်တဲ့ တွတ်ပီ ဘဝ ကိုယ်ချင်း မစာနာ ကြလို့ ၊ ရေးမိတဲ့ ကျွန်ုပ် ငတွတ်ပီ ```` သေသင့် ပါတယ် ဘုရား ´´´´ လို့ ပြောရမလိုပါ လားနော် ၊ လူ့အလို နတ်မလိုက်နိုင်ပါလား ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@

Comments
Post a Comment