***** တပ်ချုပ်ကြီးနှင့် အတူတွဲ၍ တိုက်ခဲ့ ရသော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၁၄ } *****
လမ်းခရီး ကတော့ ထုံးစံ အတိုင်း ပါပဲ ၊ စစ်တောင်းတံတားကြီးကို ဖြတ်ကျော် ၊ မုတ္တမထိ ရထားဖြင့်ချီတက် ၊ ထိုမှ တဆင့် ဖားအံသို့ ရေလမ်းခရီး ၊ ဖားအံရောက်တော့ မော်တော်ယာဉ်များဖြင့် ကော့ကရိတ် ၊ ဒေါန တောင်တန်း တို့ကို ဖြတ်ကျော်ကာ သင်္ကန်း ညီနောင် ဆိုသော မြဝတီ မရောက်မီ က ရွာ ကလေး ဆီ သို့ပါပဲ ၊ ထိုလမ်း ထိုခရီးကား တွတ်ပီ အဖို့ စတုတ္တ အကြိမ်မြောက် ခရီးစဉ်ပါပေ၊ ၁၉၇၈ နှင့် ၁၉၈၄ ခုနှစ်တို့မှာ မိခင်တပ်ရင်း ခလရ { ၇၆ } နှင့် ၂ ခေါက် ၊ ပြီးခဲ့သည့် ၃ လခန့်ကမှ ခမရ ၁၁၁ နှင့် မဲလ စခန်းသိမ်းပွဲ တစ်ခေါက် ၊ ယခုကား ဝမ်ခ သစ် စခန်းကို တိုက်ခိုက် သိမ်းပိုက် နိုင်ရန် ချီတက် ရခြင်း ပါ ၊
သင်္ကန်းညီနောင် မှာတော့ စကကမှူး ဗိုလ်ချုပ် မောင်လှက စစ်ဆင်ရေး တစ်ခုလုံးကို အ ခြေပြု ကွပ်ကဲလျက် ရှိနေပါသည် ၊ နောက်တစ်နေ့ တွင် ဝှေရှမ်း မူလတန်း ကျောင်း လေး အတွင်းသို့ တပ်ရင်း တပ်ဖွဲ့များ မှ အရာရှိ အားလုံး ထည့်သွင်းလျက် အစည်းအဝေး တစ်ရပ် ပြုလုပ်ပါသည် ၊ ထို အစည်း အဝေးအား စကကမှူး ဗိုလ်ချုပ် မောင်လှ ဦးစီး ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး ရတခ တိုင်းမှူး ၊ တမခ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ်လှရွှေ ၊ တမခ ၄၄ တပ်မမှူး ၊ တမခ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် အေးကျော်နှင့် ကွပ်ကဲမှု အောက်ရှိ နည်းဗျူဟာမှူးများ ၊ အမြောက် တပ်ဖွဲ့မှ အရာရှိ ကြီးများ နှင့် တိုက်ပွဲဝင် တပ်ရင်းများ မှ အရာရှိ များ အားလုံးလည်း တက်ရောက်ကြရသဖြင့် တွတ်ပီလည်း ပါဝင် ခဲ့ပါသည် ၊
အစည်းအဝေး တွင် တွတ်ပီ သဘော မကျဆုံး အရာကား စာသင်ခန်း အတွင်း လော်စပီကာ ဖြင့် စစ်ဆင်ရေး ညွှန်ကြားချက်များ လူသိထင်ရှား ချပြ နေခြင်းပါ ၊ မိမိတပ်များ လုပ်ဆောင်ရမည့် တိုက်ခိုက်ရေး စီမံချက်ကြီး တစ်ခုလုံးကို မိုက်ခရိုဖုန်း အသုံးပြု၍ ချပြဆွေးနွေးနေခြင်းကို တွတ်ပီတော့ လုံးဝ ဘဝင်မကျခဲ့ပါ ၊ ဝှေ ရှမ်း ၊ မဲပလဲ ၊ညီနောင် ဆိုသည့် ရွာများက ရန်သူ ကေအင်န်ယူ အမာခံ ရွာသား တွေ မွေးမြူထားသည် မဟုတ်ပါလား ၊ မိမိ တပ်များ လုပ်ဆောင်မည့် အစီအစဉ် အသေးစိတ် ကို ထိုနေ့မှာပင် ရန်သူတို့ ထံ သတင်း ရောက်ရှိ သွားမည် မှာ မြေကြီး လက်ခတ်မလွဲပါ ၊ ရန်သူကို တိုက်ခိုက်ရာတွင် မိမိလုပ်ဆောင်မည့် နည်းလမ်းများ ကို ရန်သူ့ အနေဖြင့် ကြိုသိနေပါက မိမိတို့ တပ်များ တစ်ပန်းရှုံး နေရပြီ ၊ သေမင်း ခံတွင်းဝ ဆီသို့ အတင်းစေလွှတ်နေသည် နှင့် ပင် တူနေပါသေးတော့သည် ၊
ဗိုလ်ချုပ်လှက သူ့စားပွဲ ပေါ် ကွမ်းအစ်ကြီး တစ်လုံး တင်ထားကာ ကွမ်း တပျစ်ပျစ် ထွေးရင်း ဝမ်ခသစ် စခန်း တိုက်ခိုက် သိမ်းပိုက်ရမည့် စီမံ ချက်များကို ချပြရှင်းလင်း နေပါ၏ ၊ ယခင်က တပ်ရင်းများ အသီးသီး ချဉ်းကပ် တိုက်ခိုက်ခဲ့ရာတွင် တွေ့ရှိ ရသည့် ချို့ယွင်း အားနည်းချက်များ ၊ ရင်ဆိုင်တွေ့ကြုံ ရသည့် အခက်အခဲများ ကို ချပြ ဆွေးနွေး ရင်း ယခု လုပ်ဆောင်ရမည့် အပိုင်းများကို သုံးသပ် ပြပါလေသည် ၊ ထိုသို့ ဆွေးနွေးရင်း ဗိုလ်ချုပ်လှ တစ်ယောက် ဒေါသတွေ ပွားကာ တမခ ၃၃ မှ နည်းဗျူဟာ မှူး တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးသူရ မောင်ကို နှင့် ထ စကားများ ပါတော့သည် ၊
ဗိုလ်မှူးကြီးမောင်ကိုမှာ ထိုအချိန်က နဗဟ ၃၃၁ ၏ ယာယီနည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီးဖြစ်ပါသည် ၊ ဗိုလ်ချုပ်မောင်လှ က စစ်ဆင်ရေး စီမံချက်များ ရှင်းလင်း ပြနေရင်း ```` ကျုပ် အခု ပြောနေတဲ့ အချက်တွေကို စာနဲ့သေခြာ မှတ်ထား တယ် ကိုမောင်ကို ၊ အဲဒါ ဘာကြောင့်လည်း သိလား ၊ ဒီတစ်ခါ ကျုပ် ခိုင်းတဲ့ ဖြစ်မလာရင် ခင်ဗျားကို အရေးယူ မလို့ ၊ အရင်တစ်ခါ ခလရ ၇၆ နဲ့ တိုက်တုန်းကလည်း ကျုပ် သေခြာပြောတယ် ၊ သေခြာ ခြေကုပ် ယူပါ ၊ အဆင့်ဆင့် နေရာယူ ချဉ်းကပ်ပြီးမှ တိုက်ပါ လို့ပြောထားရက်သားနဲ့ ခင်ဗျား တို့ ပြီးစလွယ် လုပ်လို့ မလိုအပ်ပဲ အများကြီးပေး လိုက်ရတယ် ´´´´ ဆိုကာ ပြစ်တင် စကား ဆိုပါလေတော့ သည် ၊
ဗိုလ်ချုပ်လှ စကား အဆုံးမှာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မောင်ကိုလည်း ထိုင်နေရာမှ ရုတ်တရက် ဝုန်း ကနဲ ထလိုက်ကာ ```` ၇၆ က အရင်တုန်းက တင်နေတဲ့ သွေးကြွေး ဆပ်ချင်လို့ ၊ အရဲစွန့်ပြီး တစ်ရင်းလုံး သတ်ကွင်းထဲ အတင်းဝင်လုံး ခဲ့တာပါ ဗိုလ်ချုပ် ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ သတ်ကွင်းထဲမှာ ရန်သူ့ ချေမှုန်းမှု ခံလိုက်ရတာပါ ၊ ကျွန်တော့ ရဲဘော်တွေ အဲဒီ လောက် ကျမယ်မှန်းသိ ရင် မောင်ကို ဆိုတဲ့ ကောင်က ဟောဒီ ပုခုန်း ပေါ်က အပွင့်တွေ ကိုယ့်ဖာသာ ဖြုတ်ပစ် လိုက်မယ် ဗိုလ်ချုပ် ´´´´ ဆိုကာ တရှူးရှူး တရှဲရှဲ ၊
လူကြီးတွေက စကားများ ရန်ဖြစ်နေတော့ တွတ်ပီတို့ အရာရှိငယ် များမှာ ကြောင်ရှေ့ ရောက်နေသည့် ကြွက်ငယ် များပမာ နားရွက်လေးတွေပင် မခပ်ရဲ ၊ သူတို့ ပြောသမျှ နားလေးတွေ ကိုယ်စီ စွင့်ကာ မျက်နှာပိုး လေးတွေသပ်လျှက် ၊ စကက မှူးကလည်း ```` ကျုပ်တို့ ဘယ်လိုလုပ်နေရတယ် ဆိုတာ ဟို စစ်ရုံးက ပန်ကာ အောက်မှာ နေတဲ့ ကောင်တွေ မသိဘူး ၊ အဲဒီကောင်တွေရဲ့ အပြော အဆို မခံချင်လို့ ကျုပ်ခုလို သေခြာ ရှင်းပြ နေတာ ကြားလား ´´´´ ဟု ပြောရင်း စိတ်တို နေသဖြင့် မျက်နှာကလည်း နီမြန်းလျှက် ၊
သို့နှင့် ၂ နာရီခန့်အကြာ မှာ ပြောသင့်သည်များ ပြောပြီး ဗိုလ်ချုပ်လှလည်း သင်္ကန်းညီနောင် သို့ ပြန်လည် ချီတက်သွားပါသည် ၊ { တွတ်ပီ တို့ နောက်ပိုင်း ပြန်ကြားရသော သတင်းအရ လူပုံ အလယ် သူ့ကို ပြန်ပြောသော ဒုမှူးကြီးသူမောင်ကို ကို နည်းဗျူဟာမှူး အဆင့် တိုးမပေးပဲ ၊ ပရိုမိုးရှင်း စတော့ { ၁ } နှစ် အပြစ်ပေးသည်ဟု ကြားသိရသော်လည်း ဖလူး စခန်းအား ဗိုလ်မှူကြီး မောင်ကို ဦးစီး နည်းဗျူဟာ အဖွဲ့ဖြင့် အလောင်း လက်နက်များစွာဖြင့် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်လိုက်သောအခါ ဖီးလ် ပရိုမိုရှင်း အဖြစ် ၊ ဗိုလ်မှူးကြီး အဆင့် ပြန်လည် တိုးမြှင့် ပေးခဲ့ကြောင်းလည်း သိရပါသည် ၊ ထိုပြင် အခြား သတင်း တစ်ရပ်အရ ဗိုလ်ချုပ်လှ ကချင် ၂ တပ်ရင်းမှူးဘဝက ဗိုလ်မှူးကြီးသူရ မောင်ကို မှာ Io { ထောက်လှမ်းရေး အရာရှိ အဖြစ် } အတူတကွ တာဝန် ထမ်းဆောင်ဘူးကြောင်း ကြားသိရ၍ ထိုမျှ ရဲတင်းစွာ ပြန်လည်တင်ပြရဲ ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည် } ၊
တွတ်ပီ တို့ ယခု တိုက်ခိုက်ရမည့် ဝမ်ခသစ် စခန်း အကြောင်း လည်း ရာဇဝင် သိအောင် အနည်းငယ် ဖြည့်စွက် တင်ပြချင်ပါသေးသည် ၊ တွတ်ပီ သိသလောက် ၁၉၈၄ ခုနှစ်မှ စကာ ဝမ်ခ ရှေ့ကာ တောင်ကုန်းများ ဖြစ်သော ခပ်ဖလူးစခန်း{ ပွိုင့် ၁၁၀၈ } နှင့် ကာလူးကုန်း { ပွိုင့် ၁၀၂၈ } တို့မှာ ရန်သူ ကေအင်န်ယူ တို့လက်အောက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါသည် ၊ ထိုစဉ်က ခလရ ၇၅ မှတပ်စွဲထားစဉ် ဗူးဝ အတွင်းရှိ ရန်သူတို့ ထွက်တိုက်သဖြင့် အရေးပါသော ထိုတောင်ကုန်းများ ကျဆုံးခဲ့ရခြင်းပါပေ ၊ ရှေ့ကာ ပွိုင့်ကုန်း ၂ ကုန်းမှာ ရန်သူ့လက်ထဲ ၅ နှစ်ခန့်အကြာထိ ကျရောက်ခဲ့ရပြီးမှ ယခုနှစ် မေလဆန်း ပိုင်းအတွင်း မိမိတပ်များ ရဲရဲဝန့်ဝန့် ပြန်လည် တိုက်ခိုက် သိမ်းပိုက်မှုကြောင့် စခန်းများ ပြန်လည် ရရှိခဲ့ခြင်း ဖြစ်ပါသည် ၊ ထိုတောင်ကုန်း ၂ ကုန်းကို ခမရ ၁၂ နှင့် ခမရ ၁၆ တပ်ရင်းများ ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့ရကြောင်း တွတ်ပီ မှတ်သား သိရှိ ခဲ့ဘူး ပါသည် ၊
ကာလူးနှင့် ခပ်ဖလူးကုန်းများ တိုက်ခိုက် သိမ်းပိုက်ရရှိပြီး နောက် မေလ ဆန်းမှာပင် ဝမ်ခ ပင်မ စခန်းကြီးကို ခလရ ၇၆ က ဆက်လက် တိုက်ခိုက်ရပါ၏ ၊ ထိုတပ်မှာ ၁၉၈၄ ခုနှစ် သြဂုတ်လ ခပ်ဖလူးကုန်း တိုက်ပွဲ၌ အထိနာခဲ့ကာ ရန်သူ ကေအင်န်ယူ တို့အပေါ် သွေးကြွေးဆပ်ရန် စိတ်ဓာတ် ပြင်းပြနေသော တပ်ဖြစ်သည် ၊ { ထိုစဉ်က ခလရ ၇၆ တွင် ဒုတက အဆင့်ဖြင့် ရှိနေသော တွတ်ပီပင်လျင် ထို ခပ်ဖလူးကုန်း တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာ ရကာ သတိလစ်မေ့မြောလျက် ရန်သူ့လက်ရ ဖမ်းဆီးခံရမှုမှ သီသီလေး လွတ်မြောက်ခဲ့ရပါ၏ ၊ ** ထိုတိုက်ပွဲ သီးသန့်ရေးပေးပါမည် **} ၊
ခလရ ၇၆ မှ ဒုမှူးကြီးထွန်းမြင့် ဦးစီး တပ်ရင်း တစ်ရင်းလုံး ညချီတက်မှုဖြင့် ရန်သူ့ အိုမီဂါ ကွေ့အတွင်း ချီတက် ချဉ်းကပ်ခဲ့ရာ မနက်အစော ပိုင်းမှာ ခြံစည်းရိုး အနီးရောက်ရှိပြီး သံဖြတ်ကပ်ကြေး များဖြင့် ရန်သူ့ ခြံစည်းရိုးများကို ဖြတ်တောက်နေစဉ် ရန်သူ ရမ်းသန်း ပစ်လိုက်သော ကျည်တစ်တောင့် ခြံစည်းရိုး အနီးရှိ စစ်သည်တစ်ဦး ထိမှန်ရာမှ အစပြုကာ သူ့ ညည်းတွားသံကြောင့် ရန်သူ သိရှိ သွားပါသည် ၊ ထိုအခါ သတ်ကွင်း အတွင်း စုပြုံ ရောက်ရှိနေသော မိမိ စစ်သည်များကို ရန်သူမှ အနီးကပ် ချေမှုန်း ပစ်ခတ် တိုက်ခိုက်ခံရမှု ကြောင့် တိုက်ပွဲချိန် ၃ နာရီ အတွင်း မိမိဘက်မှ အရာရှိ ၂ ဦး ၊ စစ်သည် ၆၀ ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ရပြီး ပြန်ဆုတ်ခဲ့ရပါသည် ၊
ထပ်မံ၍ မေလ ဒုတိယ ပါတ်တွင် ခမရ ၁၂ မှ ဒုမှူးကြီး မိုးဟိန်း ဦးစီး မိမိ စစ်သည်များ အတင်းဝင်ရောက် လုံးထွေး ၍ ထပ်မံ တိုက်ခိုက်ခဲ့ရာတွင်လည်း ထိခိုက် ကျဆုံးမှု များပြားခဲ့ပြီး တပ်ရင်းမှူး ကိုယ်တိုင် ထိမှန် ဒဏ်ရာ ရရှိ သဖြင့် ပြန်ဆုတ်ခဲ့ရပြန်ပါသည် ၊ ထို ဝမ်ခသစ် ကိုပင် မဆုတ်မနစ်သော ဇွဲ လုံ့လ များဖြင့် မေလ ၁၈ / ၁၉ ရက်နေ့များတွင် ခမရ ၁၃ ၊ ခမရ ၁၆ တပ်ရင်း ၂ ရင်း ဖြင့် ဗူးဝ မှပင် ထပ်မံ လုံး ထွေး တိုက်ခိုက်ကြပြန်ရာ ထိခိုက် ကျဆုံး များပြားပြီး သိမ်းပိုက် ရရှိ ခဲ့ခြင်း မရှိ ခဲ့ပါ ၊ ထိုတပ်များဖြင့် ပင် နောက်တစ်နေ့ ဖြစ်သော မေလ ၂၀ ရက်နေ့တွင် သောင်ရင်းမြစ် တဘက်ကမ်းမှ ကူး၍ တိုက်စစ်ဆင်ရန် ကြိုးစား ခဲ့သော်လည်း တဘက်နိုင်ငံ မှ တပ်များ ရောက်ရှိ နေရာ ချထား လာသဖြင့် အောင်မြင်မှု မရရှိခဲ့ပဲ ၊ ရန်သူအား ထိုတပ်များဖြင့် ရင်ဆိုင် ထိန်းချုပ် ထားလျက်ရှိကြောင်း သိရှိ ရပါသည် ၊
ကဲ ဒီတစ်ခါတော့ တွတ်ပီ တို့ အလှည့်ပါပေ ၊ ရန်သူကို ရင်ဆိုင် ထိန်းချုပ်လျက်ရှိသော တပ်များ နေရာသို့ ခလရ ၄ ၊ ခမရ ၁၁၁ နှင့် ခမရ ၁၁၆ တို့က နေရာများ သွားရောက် လဲလှယ် တာဝန်ယူ ရမည် ၊ ထိုအတောအတွင်း လိုအပ်နေသော အမြောက်ကျည်များ နှင့် လက်နက်ခဲယမ်းများ ထပ်မံ ဖြည့် တင်းရေး ဆောင်ရွက်မည် ၊ လိုအပ်သည့် လက်နက် ခဲယမ်းများ ပြည့်စုံသည့် အခါ အိုမီဂါ ဟု အမည်သညာ ခေါ်ဝေါ် သတ်မှတ်ထား သော ထိုဗူးဝ နေရာ ရှေ့တည့်တည့် မှပင် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရဦးမည် ဆိုတော့ အခြေအနေ အရပ်ရပ် သဘောပေါက် နားလည်ပြီး ခဏတော့ စောင့် ကြရ သေးတာ ပေါ့ဗျာ ။
*** ကောင်းခန်း ရောက်ခါနီးမှ ဖြတ်ထားတယ်လို့ မထင်ကြပါနဲ့ ၊ ကိုရီးယားကား ကြည့်တာ ဝါသနာ ပါနေလို့ပါနော် ၊ အချိန်တန်လို့မှ မတိုက်ရင် ဗိုလ်ချုပ်လှ ရာဇဒဏ် သင့် သွား မှာပေါ့ဗျာ ၊ စိတ်ရှည်သီးခံ ဇွဲလည်း သန် ၊ တိုက်ရန် ကော့မူးရာ ဆိုတဲ့ ဆောင်ပုဒ်လေး ဆိုထားကြ ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@@

Comments
Post a Comment