***** တပ်ချုပ်ကြီး နှင့် အတူ တွဲ၍ တိုက်ခဲ့ သော ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } အပိုင်း { ၅ } *****
ဘုတလင် ကို ကျြော်ဖတ်ကာ ဒီပဲယင်း ရောက်တော့ မနက် ၁၀ နာရီ ကျော်ပြီ ၊ လမ်းဘေး ကားရပ်ကာ အနီးရှိ အိမ် တစ်အိမ်ကို မြို့နယ်ကောင်စီ ရုံး ဘယ်နား မှာလည်း မေးကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် တကက / စရ ဘဝမှ ပင်စင်ယူလာသူ စစ်သည်ဟောင်း တစ်ဦး၏ အိမ် ဖြစ်နေကာ သူကိုယ်တိုင် ကောင်စီ ရုံး လိုက်ပို့သည် ၊ ရုံးရောက်တော့ ဘယ်သူမှ မရှိ ၊ ရုံးတံခါးက ပိတ်လျက် သား၊ အနီးရှိ မြို့နယ် ရဲစခန်း ထဲ ဝင်သွားတော့ မြို့နယ်မှူး ကိုတွေ့ရသည် ၊ သူကား တပ်မတော်မှ အရာခံဗိုလ် အဆင့်ဖြင့် အသွင် ပြောင်း လာသူ ရဲအုပ်ကြီး ကြည်အောင် ပါ ၊
သူနှင့် ဆွေးနွေး တိုင်ပင်ပြီး မဝတ ကို ဖွဲ့ဖို့ လုပ်ရသည် ၊ မြို့နယ် ကောင်စီ ရုံးမှာက မြို့ခံ ရုံးအုပ်ကြီး တစ်ယောက်သာ ရှိပြီး မြို့ပိုင်တွေ နယ်ပိုင် တွေကား အဝေးသို့ တိမ်းရှောင် နေကြသဖြင့် ကိုယ့်ဖာသာ အဖြစ် မဝတ ကို ဖွဲ့စည်း လိုက်ရသည် ၊ပါလာသည့် တပ်စုကို ရုံးထဲ ဖြန့်ခွဲ နေရာချထားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် တိုင်ပင်ကာ ညနေပိုင်း မှာ မြင်းလှည်း တစ်စီး ၊ ဂျစ်ကား တစ်စီး နှင့် နွားလှည်း တစ်စီးပေါ် လော်စပီကာ ကြီးများ တင်စေပြိး မြို့ပေါ်နှင့် နီးစပ်ရာ ရွာများ ကျေငြာ ခိုင်းရသည် ၊
ဒီပဲယင်း မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ၁၉ - ၉ - ၈၈ ရက်နေ့မှ စ၍ အောက်ပါ ပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းလိုက်သည် ၊ ကြည်း ၂၀ • • • ဗိုလ် တွတ်ပီ ဥက္ကဌ ၊ လ / • • • • ရဲအုပ်ကြီး ကြည်အောင် အတွင်းရေးမှူး ၊ ဦး ° ° ° အဖွဲ့ ဝင် ၊ စသည်ဖြင့် စာရွက်ပေါ် ရေးချကာ နေရာ အနှံ့ လိုက်အော် ရပါလေသည် ၊ လိုက်နာရန် ညွှန်ကြားချက်များလည်း ထည့်ရေး ပေးရ သေးသပေါ့ ၊ ခုနေ ပြန်တွေးတော့ ရယ်ချင်စရာ ၊ ကိုယ့်ရာထူး ကိုယ်ခန့် ၊ ကိုယ့် အဖွဲ့ ကိုယ်ဖွဲ့ပြီး လော်ကြီးဖြင့် သူများသိအောင် ကြော်ငြာ ရသည့် အဖြစ်၊
ညနေပိုင်းမှာ မြို့မိ မြို့ဖ များနှင့် သပိတ်ကော်မီတီ တို့ကို ခေါ်ယူတွေ့ ဆုံကာ လိုလားချက်များ ရှင်းပြရ၏ ၊ အဓိက ကတော့ မနက်ဖန် မှ စပြီး ဘယ် သပိတ် စခန်းမှ ခွင့်မပြု ၊ တွေ့လျင် တွတ်ပီ အပြစ်မဟုတ် ၊ ထို့ပြင် လိုင်စင်မဲ့ သေနတ်များ ကိုင်ဆောင်ထားပါက အပ်နှံရန် ၊ ထိုသို့ အပ်နှံ ပါက မည်သို့ မှ အရေး မယူ ပါ ၊ ၃ ရက်ကျော်ပါက အရေးယူမည် စသည် တို့ပါ ၊ ထိုညက ရုံးမှာ ရှိသည့် ရုံးစားပွဲလေး တွေဆက်ကာ အိပ်တော့ တော်တော်နှင့် အိပ်မပျော် ၊ ဘယ်ပျော်ပါ့မလည်း ၊ တော်နေ တောင်ဘက်က ဒိုင်း ကနဲ ပစ်လိုက် ၊ မြောက်ဘက်က ဒုန်း ကနဲ သေနတ်သံ ကြားလိုက် ၊ ရှေ့တန်း စစ်မြေပြင်မှာ ရန်သူ အဝိုင်းခံ နေရသည့် ပမာ သေနတ်သံ တွေက တစ်ည လုံး ဆူလို့ ၊
မနက်မိုးလင်းတော့ မြို့နယ်မှူးခေါ်ကာ ညက သေနတ်သံတွေ အကြောင်း မေးကြည့်တော့ သူတို့ ရွာများ ဓားပြ တိုက်ခံရမှာ စိုး၍ ရှိသည့်လက်နက် များ ဖြင့် အသံပေး ထောင်ဖောက် နေခြင်းပါတဲ့ ၊ ဒါကိုတော့ ဦးစားပေး ဖြေရှင်းရမည် ဆုံးဖြတ်ခါ ညနေပိုင်းမှာ မြို့နယ်မှူး ကို စက်ဘီး ၆ စီး ရှာခိုင်း ထားရ၏ ၊ မြိုနယ် ကောင်စီ တုန်းက စီးဖို့ ကား မရှိဘူးလား မေးရာ ဂျစ်ကားတစ်စီး ရှိပါကြောင်း ၊ ယခု အခါ ကားမှ သပိတ် အဖွဲ့ ကောင်းမှုဖြင့် ငါးမွေးမြူရေး ကန် အတွင်း ရေသောက်ဆင်းလျက် ရှိပါကြောင်း သိရသဖြင့် ရေထဲ နှစ်မြုတ်ထားသော ထိုဂျစ်ကား ကို စစ်သည်အင်အား ၊ ရဲတပ်ဖွဲ့ အင်အားဖြင့် ကြိုးဆွဲ ပြန်လည် ကယ်တင် ခဲ့ရပါသေးသည် ၊
မြို့နယ်မှူး ကို ခေါ်၍ စစ်သည် ၃ ဦးနှင့် အတူ မြို့ပေါ် သပိတ်စခန်းများ လိုက်ကြည့်ရာ အားလုံး ဖျက်သိမ်းပြီး ဖြစ်နေ၍ဝမ်းသာမိရသည် ၊ မဟုတ်ပါက သွေးထွက် သံယို ဖြစ်လာနိုင်သည် ၊ မနေ့က သပိတ် အဖွဲ့နှင့် လူကြီးများ ခေါ်တွေ့စဉ် တွတ်ပီ ကလည်း အပြတ်ပြောလိုက်သည်လေ ၊ ```` ကျွန်တော့် အမေ ကိုယ်တိုင် ရှေ့ဆုံးက အလံကိုင် တက်လာပြီး ဆန္ဒ ပြပါစေ ၊ ကျွန်တော် ကိုယ်တိုင် ကာဘိုင်သေနတ် နှင့် ဘယ်ရင်အုံ တည့်တည့် ပစ်ဖို့ ဝန်လေး နေမှာ မဟုတ်ဘူး ´´´´ လို့ ၊ သည်စကား တစ်ခွန်း နှင့်ပင် ဆိုးပေ့ မိုက်ပေ့ ဆိုသော ဒီပဲယင်းသား များ ဖြုန်သွားဟန်တူ၏ ၊ ဘာဆန္ဒပြမှုမှ မရှိ သလို ကိုင်ထားသည့် လက်နက်ပုန်းများကိုပင် တဖွဲဖွဲ လာအပ်ကြပါလေ၏ ၊
ထိုအချိန်က တွတ်ပီပုံကလည်း အညာ သား ရှူးသိုးသိုး နှင့် တကယ်ပင် ထင်ရာစွတ်လုပ်မည့် ပုံ ပေါ်နေကာ အသက်ကလည်း { ၂၈ } နှစ်ပင် မပြည့် တတ်သေး ၊ သူတို့ဒီပဲယင်း ၏ နောက်ဆုံးမြိုနယ် ကောင်စီဥက္ကဌ မှာ တွတ်ပီတို့ မြောင်သားဗိုလ်ကြီး အုန်းသန်း { DSA 10 ယခု ကွယ်လွန်} ဖြစ်သဖြင့် မြောင်သား များ သူတို့နယ်ကို လာရောက်ကြီးစိုး သည်ဟုလည်း ပြောသံ ကြားရပါ၏ ၊
ထိုအချိန်က တွတ်ပီ ဒီပဲယင်း မဝတ ကိုင်နေသလိုပင် တွတ်ပီ တို့တပ်မှ ကျန်အရာရှိများဖြစ်သော ဗိုလ်မှူးစိန်ဌေးက ရေဦး ၊ ဗက တင်မောင်လတ်က တန့်ဆည် ၊ ဗကလှစိုး { နောင် သူရ လှစိုး} က ဘုတလင် ၊ ဗကမောင်မောင် ကနီ ၊ ဗိုလ်ဒါးလ်ထွန်းမာန် ချောင်းဦး ၊ ဗက မျိးညွန့် မြောင် စသည်ဖြင့် အသီးသီး တာဝန်ယူနေကြရပြီး တပ်ရင်းမှူးဒုမှူးကြီး ချစ်အောင် ကတော့ မုံရွာ ခရိုင် ဥက္ကဌ ဖြစ်ပါသည် ၊ နဝတ တက်ခါစ မို့ ဘာ အမိန့် ညွှန်ကြားချက်နှင့် လမ်းညွှန်ချက်မှ ဟုတ်တိ ပတ်တိ မပေး ၊ ဦးတည်ချက် ၄ ရပ် ဘောင် အတွင်းမှ သင့်လျှော် သလို ဆောင်ရွက်ရန် ဟူ၍သာ တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က လမ်းညွှန်ချက် ပေးထား သဖြင့် ကိုယ်ကောင်းမယ်ထင်တာ လုပ်ကြယုံသာ ၊
နေ့ပိုင်းရုံးထိုင်ရသော်လည်း ဘာအလုပ်မှ မရှိ ၊ မြို့ခံ စာရေးမ ၃ ယောက်လောက်နှင့် သာ စကား ပြောရင်း အချိန်ဖြုံးပြီး ညဘက်ရောက်တော့ စစ်သည် ၅ ဦး ခေါ်ကာ ရွာနီးချုပ်စပ် စက်ဘီးဖြင့် ကင်းလှည့်ကြသည် ၊ ညဘက် သေနတ်သံကြားရာရွာများ ဝင်ဝိုင်းကာ ထိုသေနတ်များ အပ်နှံ ခိုင်းရသည် ၊ လူကိုတော့ အရေးမယူပါ ၊ သူတို့ လုံခြုံရေး တာဝန်ယူ ပါကြောင်း ၊ နေ့ ည မပြတ် ကင်းလှည့်ပေးမည် ဖြစ်ကြောင်း အာမခံ ပေးသဖြင့် သူတို့လည်း ဝမ်းသာကြပါသည် ၊
တစ်ည စက်ဘီးဖြင့်ကင်းလှည့်ရင်း မြို့အရှေ့တောင်ဘက် ၅ မိုင်ခန့် ဝေးသော ရွာတစ်ရွာကို မနက် ၃ နာရီလောက် ရောက်သွားသည် ၊ မီးလှုံ နေသော အသက် ၅၀ ကျော် ဦးကြီးနံဘေး သွားထိုင်ရင်း စကားပြောမိတော့ သူ့အကြောင်းစုံ ပြောပြ၍ သိခဲ့ရသည် ၊ ```` သူသည် မြို့နယ် သပိတ် ကော်မတီဝင် တစ်ဦးဖြစ်ကြောင်း ၊ သူ့တွင် သားနှစ်ယောက်ရှိပြီး လယ် ၁၅ အေက ခန့်ရှိကြောင်း ၊ ပါတီ ကောင်စီခေတ်က အစောဆုံး တာဝန်ကျေ စပါး ရောင်းချပေးမှု နှစ်တိုင်း ပင် ဆုချီးမြှင့်ခံရကြောင်း ၊ တစ်နှစ်တွင် လယ်လုပ်ရင်း သားကြီးဖြစ်သူမှာ ပိုးထိ { မြွေကိုက် } သဖြင့် သေဆုံးကာ ၊သားငယ် ဖြစ်သူ မှာလည်း လှည်းမှောက်သဖြင့် ခြေနှစ်ချောင်း သွင်သွင် ကျိုး ပြီး လယ်များ မလုပ်နိုင်တော့ကြောင်း ၊ ထိုနှစ်က စပါးရောင်းချမှု တာဝန်မကျေ သဖြင့် သူ့အား ရဲစခန်း ခေါ်ချုပ်ခံရကာ သူ့မိန်းမ လာပို့သော ထမင်းကို စား၍ အမှု ရင်ဆိုင်ခဲ့ရကြောင်း ၊ ဘယ်လိုမှ တောင်းပန်တိုးလျိုး၍ မရသဖြင့် အိမ်ရှိ နွား ၂ ကောင် ရောင်းချကာ စပါးဝယ်ယူ ပေးသွင်းလိုက်မှ အချုပ်လွတ်ခဲ့ ရကြောင်း ´´´´ တို့ကို သိရှိ ရသဖြင့် ကိုယ့် ကုလားထိုင် တည်မြဲဖို့ အရေး သူများနှိပ်စက်ပြီး စီးပွားပျက်စေသော ထိုလူတစ်စု ပြုတ်ကျ ခဲ့ခြင်းရခြင်း ကို တွတ်ပီ မအံ့သြ မိတော့ပါချေ ၊ နေရာ တည်မြဲရေး အတွက် ကိန်းဂဏာန်း များ လိမ်ညာ ပြကာ ဖောင်းပွ နေသော စီမံကိန်းများအပေါ် အဟုတ်ကြီး မှတ် ၊ သာယာနေကြသော တာဝန်ရှိ လူကြီးမင်း များ အနေဖြင့်လည်း ဆင်သေကောင်ကြီး မမြင်တောင် အပုပ်နံ့ လေး လောက်တော့ ရသင့် ကောင်းရဲ့ဟု တွတ်ပီ ထင်မြင် ယူဆ မိပါသည် ၊ { ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်း ရသည့်အခါ ထိုတောင်သူ ဦးကြီးအား ဥက္ကဌ အဖြစ် တွတ်ပီ ကိုယ်တိုင် ရွေးချယ် ခန့်အပ်ခဲ့ပါသည် ၊ သူက သပိတ် အဖွဲ့ဝင်မို့ ဖြစ်ပါ့မလားလုပ်နေသဖြင့် မှန်မှန်ကန်ကန်သာ လုပ် ကျွန်တော် တာဝန်ယူတယ် ဟု အာမဘန္ဒေ ခံ ခန့်အပ်ခဲ့သဖြင့်ရွာလူထု မှလည်း နှစ်ခြိုက် သဘောကျကာ နောင်နှစ်ပေါင်း များစွာပင် ဥက္ကဌ ဖြစ်နေကြောင်း ပြနကြား ခဲ့ရ၍ တွတ်ပီ မှာ ဝမ်းသာ မဆုံးပါ } ၊
နေ့ခင်းဘက်မှာ တွတ်ပီ၏ တပ်စု တပ်ကြပ်ကြီးဖြစ်သူ ဆရာဝင်းမောင် အား တပ်စိတ်တစ်စိတ်ဖြင့် လှုပ်ရှားခိုင်းလိုက် ၊ တွတ်ပီ ကိုယ်တိုင်လည်း ညအချိန် စက်ဘီးစီး ပတ္တရောင် လုပ်လိုက်ဖြင့် ၁၀ ရက်အတွင်း လုပ်သေနတ်ပေါင်းစုံ ၅၆ လက်ရရှိကာ နယ်မြေလည်း လုံးဝငြိမ်းချမ်းသွားပါသည် ၊ { ထိုအချိန်က ထုတ်ဝေခဲ့သော မြန်မာ့ အလင်း သတင်းစာတွင် တွတ်ပီ ဦးဆောင်မှုဖြင့်လက်နက် ၅၆ လက် သိမ်းဆည်းရမိကြောင်း သတင်းပင် ပါလိုက် ပါသေးသည် } ၊ လက်နက်များစွာ ရရှိသဖြင့် မြောက်ကား ကြီး ဖြစ်နေသော တွတ်ပီတစ်ယောက် ထိုမြို့နယ် ထဲက မယားကန် ရွာမှာ ကျေးရွာ စိုက်ပျိုးရေး မန်နေဂျာ လုပ်နေသော ဦးလေး { အမေ့မောင်ဝမ်းကွဲတော်စပ်သူ } ဦးအောင် ပြောသောစကားကြားရမှ စိတ်ဓာတ်ကျရပါတော့သည် ၊ သူက ပြောပါသည် ၊ ```` ငါ့တူ မောင်တွတ် မင်းသေနတ် ၅၆ လက်လောက် ရတာများ စကားထဲ ထည့်ပြောမနေနဲ့ ၊ ငါတို့ ဒီပဲယင်း နယ်က ပန်းပဲဖိုရှိ သေနတ်ရှိတယ် ၊ မင်းရှာနိုင်ရင် နောက်ထပ် ၃ တန် ကားတစ်စီး တိုက်လောက်တော့ အသာလေး ´´´´ တဲ့ ၊ သွားပြီ ပေါ့ဗျာ ၊
ဒီပဲယင်းသားများ မိုက်ချက်ကတော့ ကမ်းကုန် နမူနာ တစ်ခု ရေးပြချင်ပါသေး ၊ တစ် ရက် မနက်ပိုင်း ရုံးမှာရှိစဉ် လူတစ်ယောက် စက်ဘီးစီးကာ အမောတကော ပေါက်ချလာ၏ ၊ ```` ဗိုလ်ကြီး လုပ်ပါဦး ကျွန်တော်တို့ ရွာက စပါးခင်း ကို ဟိုဘက်ရွာကလူတွေ အုပ်စုလိုက် လာရိတ် နေလို့ ´´´´ တဲ့ ၊ ဂျစ်ကားပေါ် တပ်စိတ်တစ်စိတ် တင်ကာ ချက်ချင်းကောက်လိုက်ခဲ့တော့ မြို့အရှေ့မြောက်စူးစူးက ရွာတစ်ရွာ ရောက်ရှိခဲ့ပါသည် ၊
ထိုကာလ မှာ စပါးများက မရင့် တရင့်အချိန် ၊ အရှေ့ဘက် အိမ်ခြေ ၅၀ ခန့်သာ ရှိသောရွာငယ်လေးမှ ရင့်မှည့်နေသော စပါးခင်း ကို အနောက်ဘက် အိမ်ခြေ ၂၀၀ ခန့်ရှိသော ရွာကြီး မှ လူများက အနိုင်ကျင့် အတင်းဝင် ရောက်၍ စပါးများဝင်ရောက် ရိတ်သိမ်း ယူဆောင်သွားခြင်းပါပေ ၊ စပါးခင်းကို ကိုယ်တိုင် သွားရောက် စစ်ဆေးကြည့်တော့ ဖြစ်စဉ်က မှန်နေသည် ၊ ရွာ ၂ ရွာမှ ခေါင်းဆောင်များ ခေါ်ယူ တွေ့ဆုံကာ ထိုလယ် စပါး ဘယ်လောက်ထွက်မည်လည်း မေးမြန်းကြည့်တော့ ခံရသည့်ရွာက တင်း ၂၀၀ ကျော်တဲ့ ၊ ဝင်ရောက် အနိုင်ကျင့် သည့် ရွာဘက်က ပြောတော့ လယ်ညံ့ သဖြင့် တင်း ၁၀၀ ထက် မပိုနိုင် ပါ တဲ့ ၊
သည်တော့ တွတ်ပီ တစ်ယောက် တရားသူကြီး ပေါင်ချိန် လုပ်ရသည် ၊ ```` ကြားထဲက ကျုပ် ဆုံးဖြတ်ပေးမယ် ၊ စပါး ၁၅၀ သတ်မှတ်လိုက်မယ် ၊ လုပ်သွားတဲ့ရွာက ကျုပ်သတ်မှတ်ထားတဲ့ တင်း အရေ အတွက် အတိုင်း ညနေ ၃ နာရီ မထိုးခင် ဒီလယ်ကွက်ထဲ လာပုံပါ ၊ ၃ နာရီ ထိုးလို့မှ စပါး တင်းရေ မပြည့်သေးရင် ကျုပ် လူကိုယ်တိုင် မလာတော့ဘူး ၊ ဒီမှာတွေ့လား မီးလောင်ဗုံး တစ်လုံးပဲ ခင်ဗျား တို့ ရွာထဲ ပစ်သွင်းလိုက်မယ် ၊ အဲဒီ ရွာ မြို့နယ် မြေပုံထဲက ပျောက်သွားစေရမယ် ၊ ကျုပ်ကို ဘာမှတ်လည်း ´´´´ ဆိုကာ ပါရှိလာသည့် ၂ လက္မ စိန်ပြောင်း နှင့် ဗုံးသီးကို ခပ်တည်တည် ထုတ်ပြလိုက်တော့ ရွာသားများ ချက်ချင်း ထ ပြန်သွားကြသည် ၊
နေ့လည် ၂ နာရီ ထိုးလောက်မှာ အနောက်ဘက်ရွာက ရွာသူ ရွာသားများ အလျိုအလျို တန်းစီ ထွက်လာကာ သူတို့ ခေါင်းပေါ်မှာလည်း တောင်းတွေ အိတ်တွေ ကိုယ်စီ နှင့် ၊ ၃ နာရီ မထိုးမီ မှာပင် စပါး တင်း ၁၅၀ ချိန်တွယ် ပြီးစီးကာ အရှေ့ဘက်ရွာထံ အပ်နှံ နိုင်ခဲ့ပါသည် ၊ { ကြာတော့ ရွာနာမည်တွေ မေ့ နေပြီ } ၊ ဘယ်ရမလည်း မိုက်ပါတယ် ဆိုတဲ့ ဒီပဲယင်း သားတွေ ၊ ကြီးနိုင် ငယ်ညှင်းတော့ လာမလုပ်နဲ့ ၊ တွတ်ပီ နဲ့ တွေ့သွားမယ် ၊ ထိုရွာမှ လူကြီးများကို ခေါ်ကာ နောက်ထပ် ထိုဖြစ်စဉ်မျိုး ကြားရပါက သည်တစ်ခါ လူကိုယ်တိုင် မလာတော့ကြောင်း ၊ ရွာဆီ သို့ ချိန်ကာ မီးလောင်ဗုံး တစ်လုံး သာ စေလွှတ်ပေးမည် ဖြစ်ကြောင်း ခပ်တည်တည် နှင့် မှာကြားကာ ပြန်လာပြီး နောက် ထပ် သူတို့ မလုပ်ဝန့်ကြတော့ပါပေ ၊ { အမှန်တော့ ၂လက္မ စိန်ပြောင်းမှာ ၅၂၅ ကိုက်သာ ပြေး ပါသည် } ။
*** အဲဒီ အချိန်က ကာလ ဒေသ ဖြစ်စဉ် လေးတွေ သိစေချင်လို့ ရေးပြနေတာပါ ၊ စခန်း မတိုက်ဖြစ်သေးလို့ ရွှေစိတ်တော် မညို ကြပါနဲ့ဦး ၊ မနက်ဖန်လည်း အိမ်ဆိုင်အတွက် မြို့ပေါ်တက်ဈေးဝယ် ရဦးမှာမို့ တစ်ရက်တော့ နားရပါမယ် ၊ ပင်စင်လေး နဲ့ မလောက်င တဲ့ ဘဝသမား စစ်စစ် မို့ နားလည် ခွင့်လွတ် ပေးကြပါဦး နော် ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@

Comments
Post a Comment