***** တပ်ချုပ်ကြီးနဲ့ အတူတွဲ တိုက်ခဲ့ရတဲ့ ဝမ်ခသစ် { ကော့မူးရာ } စခန်း တိုက်ပွဲ { ၁၉၈၉ } *****
အပိုင်း(၁)
ရေးသားသူ----ယုံ လေး
အမှန်တော့ သည်တိုက်ပွဲကို ရေးဖို့ ရည်ရွယ်ချက် မရှိသေးပါ ၊ လာမည့် နှစ်မှ နှစ် { ၃၀ } ပြည့် မြောက်သည်မို့ အမှတ်တရ ရေးရန်သာ ရည်စူး ထားခဲ့သော်လည်း မျက်စေ့မှိတ် နားပိတ် နေသူ တချို့ကြောင့် စိတ်က မခံချင်ဖြစ်ကာ မနေနိုင် မထိုင်နိုင် ထ ရေးလိုက်မိခြင်း ဖြစ်ပါသည် ၊ တွတ်ပီ စိတ်ကလည်း စစ်သားပီ ပီ ကိုယ်မျက်စေ့ရှေ့ မဟုတ်မမှန်တာ ဖြစ်နေလျင် သည်းမခံတတ် ၊ ချက်ချင်း ရှင်းချင်သည် ၊ ကိုယ်လည်း မဟုတ်တာ မလုပ်ခဲ့သလို သူများ မဟုတ်တာ မမှန်တာ ပြောလာလျင် လည်း စိတ်က ထောင်းကနဲ ၊
တပ်မတော်တွင် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက် ဖြစ်ဖို့ မပြောနှင့် ၊ သာမန် တပ်သားဘဝ မှသည် ဒုတိယ တပ်ကြပ် ခေါ် အရစ်ကလေး တစ်ရစ် လက်မောင်းမှာ ကပ်ဖို့ အရေး တကယ်မလွယ်လှပါ ၊ တွတ်ပီ ကိုယ်တိုင်ပင်လျင် တကယ့်ခြေမြန် တပ်ရင်း မှာ စစ်သက် { ၇ } နှစ်လောက်ကြုံးရုံး လုပ်ပြ ၊ တိုက်ပွဲတွေမှာ သေနတ် ထိမှန် ဒဏ်ရာတွေ ရပြီးမှ လက်မောင်း တစ်ရစ် လေး ကပ်ခဲ့ရပါသည် ၊ ဒါတောင် ဘာအသေးအဖွဲ ပြစ်မှု ကလေး တစ်ခုမျှ မကျူး လွန်ဘူး မှ ၊
တွတ်ပီက စစ်သားဘဝဖြစ်စဉ်တွေကို ဖြတ်သန်းကာလ အချိန် တွေအတိုင်း စစ်ထဲဝင်သည့် ရက်မှသည် စတင်ရေးသား တင်ပြနေသည်မှာ ယခုမှ စတုတ္တ စစ်ဆင်ရေး { ၁၉၇၉ } ထိ ရောက်ရှိသေးသည် ၊ ယခု ဝမ်ခသစ် တိုက်ပွဲက တွတ်ပီ အရာရှိဖြစ်ပြီး ဗိုလ် အဆင့်ဖြစ် တိုက်ခဲ့ရသည့် { ၁၉၈၉ } မို့ ၁၀ နှစ်တာမျှ ဖြတ်သန်းလာခဲ့ရသည့် ဘဝနှင့် တိုက်ပွဲ အတွေ့အကြုံတွေ ချန်လှပ်ကာ ကြားဖြတ် သဘော ရေးသား တင်ပြလိုက်ရခြင်း မို့ အချို့ အပိုင်း တော်တော် များများ ကျန်နေခဲ့ပါ လိမ့်မည် ၊ သည်တိုက်ပွဲ ပြီးမှ ပြန်ကောက် ကြတာ ပေါ့ဗျာ ၊ သည်းခံ ပေးကြပါဦး ၊
တွတ်ပီသည် ယခင်က တပ်မ { ၆၆ } လက်အောက်ခံ တပ်ရင်း တစ်ရင်းဖြစ်သော ခလရ { ၇၆ } တွင် တပ်သား ဘဝ မှသည် ဗိုလ်လောင်းသင်တန်း တက်သည့် အချိန်ထိ { ၉ } နှစ်တာ ဖြတ်ကျော် ခဲ့ရပါ၏ ၊ ထို မိခင်တပ်သည် တပ်ရင်းမှူး အဆင့်မှ အစ အရာခံဗိုလ် အဆင့် အလယ် တပ်သား အဆင့် အဆုံး ၊ မကျ ဆုံး ခဲ့ဘူးသည့် အဆင့် မရှိခဲ့သလို သီဟသူရ ၊ သူရ နှင့် သူရဲကောင်း မှတ်တမ်းဝင်လို စွမ်းရည် ဘွဲ့တံဆိပ်များ ချီးမြှင့်ခံထား ရဖူးသည့် တပ်ပီပီ ခတ်ကျွဲ တစ်ကောင်ဖြစ်သော တွတ်ပီသည်လည်း ချိုရာ မကင်းခဲ့ပါ ၊
၁၉၈၃ ခုနှစ်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ တန်ယန်းဒေသ ၊ သံလွင် အရှေ့ခြမ်း လွယ်ပန်လုံ ရင်ဆိုင်စခန်း များတွင် ရန်သူ ဗကပ တို့၏ လက်နက်ကြီးစ ထိမှန်ခြင်းနှင့် ၁၉၈၄ ခုနှစ် ကရင်ပြည်နယ် ဝမ်ခ ရှေ့ကာကုန်းဖြစ်သည့် ပွိုင့် ၁၁၀၈ { ကာလူးကုန်း } တိုက်ပွဲတွင် ကေအင်န်ယူ နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန် ခြင်း တို့ဖြင့် တိုက်ပွဲ အလီလီ ဖြတ်သန်း လာခဲ့ ရသူ တစ်ဦးပါပေ ၊
သို့နှင့် ကံ ဉာဏ် ဝီရိယ တို့၏ ပေါင်းစပ်မှုတို့ဖြင့် တွတ်ပီ တစ်ယောက် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် { ၇၄ } တွင် ၁၅ - ၉ - ၈၆ မှ ၁၇ - ၇ - ၈၇ ရက်နေ့ထိ { ၁၀ } လ နှင့် ၂ ရက်ကြာ သင်တန်း တက်ရောက် အောင်မြင်ကာ ကျောင်းဆင်း အရာရှိ တစ်ယောက် ဖြစ်လာခဲ့ပါသည် ၊ ဘာပဲ လုပ်လုပ် ```` လေး နဲ့ မြား ပါရက်သား နဲ့ မျှစ်ချိုး မပြန်နဲ့ ´´´´ ဆိုသည့် ခံယူချက်ထား တတ်သော တွတ်ပီ တစ်ယောက် ဗိုလ်လောင်း သင်တန်းမှာလည်း { 1 to 10 } ဝင်ကာ ကျောင်းဆင်းခဲ့သဖြင့် ထိုစဉ်က တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ { ဦးသန်းရွှေ } နှင့် တစ်စားပွဲထဲ ထမင်းအတူ သုံးဆောင်ခွင့် ရခဲ့ပါလေသည် ၊
သည်နေရာ တွင်လည်း ကြုံတုန်းလေး ပြောလိုက်ပါဦးမည် ၊ တပ်မတော်တွင် ကျောင်းဆင်းပြီး ပြန်တမ်းဝင် အရာရှိ ခန့်တာခြင်း အတူတူ စစ်တက္ကသိုလ် ကျ ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ကျောင်းဆင်း ပေးပြီး ဗိုလ်သင်တန်း ကျောင်းလို မျိုးကျ ဒုတပ်ချုပ် လောက်သာ ကျောင်းဆင်းပေးခြင်းမှာ မသင့်တော်ဟု တွတ်ပီ ထင်ပါသည် ၊ ဘယ် အရာရှိ မဆို ဦး ရေး ထောက် ဖြစ်စေ ၊ ရှေ့တန်း စစ်မြေပြင်တွင် ဖြစ်စေ လုပ်ဆောင်ရမည့် တာဝန်တွေက အတူတူ ပဲမို့ အားလုံးကို တပြေးညီသော အဆင့်မျိုး ဖြင့်သာ ကျောင်းဆင်း ပေးသင့်ပါသည် ၊ တသွေး တသံ တမိန့် ဖြစ်သော တပ်မတော်တွင် စကထဲက ခွဲခြား သလို လုပ်လိုက်ခြင်း က မသင့်တော်ဟု တွတ်ပီ မြင်ပါသည် ၊
သည်လို ပြောလိုက်ခြင်းကို အချို့သူများ အမြင်တူမည် မဟုတ်သလို သဘောမကျ သူများလည်း ရှိနိုင်ပါသည် ၊ တွတ်ပီ ယခင်က အကြိမ်ကြိမ် ရေးပြဖူး သလို တွတ်ပီသည် စစ်တက္ကသိုလ် ဆင်းများကို အမြင်စောင်း နေသည် မဟုတ်မူပဲ အားလုံး စည်းလုံး ညီညွတ်စေမှု လိုရင်း ဖြစ်ပါသည် ၊ { တွတ်ပီ သား နှစ်ယောက်မှာ DSA 45 / 48 တို့ ဖြစ်ပါသည် } ၊ အဓိက ဆိုလိုချင်တာကတော့ တပ်မတော် တစ်ရပ်လုံး စည်းလုံး ညီညွတ်စေချင်တာ ဖြစ်ပါသည် ၊
ထိုစဉ်က တွတ်ပီတို့ တတွေ ကျောင်းဆင်း ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် သတင်းပို့ပြီးနောက် တပ်မ ဌာနချုပ်သို့ ဆက်လက် သတင်းပို့ရပါသည် ၊ ထိုစဉ်က ခမရ ၁၁၁ မှ ခမရ ၁၂၀အထိ တပ်ရင်း { ၁၀ } ရင်းမှာ တခမ { ၃၃ } စစ်ကိုင်း ကွပ်ကဲမှု အောက်ဖြစ်ပါသည် ၊ တပ်မမှူး ဖြစ်သူ ဗိုလ်မှူးချုပ် လှရွှေ ထံမှ ဆုံးမ သြဝါဒ များ ခံယူကာ မြစ်ကြီးနား ရထားဖြင့် လိုက်ပါလျှက် ဝန်းသို ဆိုသော မြို့ လေးသို့ ရောက်ရှိကြတော့ { ၆ - ၈ - ၈၇ } ရက်နေ့ပါ ၊
ဝန်းသိုတွင် တပ်ရင်း ၂ ရင်းရှိပြီး တွတ်ပီ နှင့် ဒုဗိုလ် ခင်မောင်စိုး { မဲလ စခန်းသိမ်းတိုက်ပွဲ တွင် ကျဆုံး } တို့က ခမရ { ၁၁၁ } သို့ ရောက်ရှိ သတင်းပို့ရပါသည် ၊ ထိုတပ်တွင် တပ်ရင်းမှူး ဒုမှူးကြီး ချစ်အောင် ၊ ဒုတပ်ရင်းမှူး မှူးသန်းဦး { DSA 11 } တို့ ရှိပြီး ဌာနချုပ် တပ်ခွဲမှူးမှာ ဗိုလ်မှူးထွဏ်းသန်း ဖြစ်ပါသည် ၊ တပ်ရေးဗိုလ်ကြီးအဖြစ် ဗိုလ်ကြီး ချစ်ကို က ဆောင်ရွက်နေကာ တပ်ထောက်ဗိုလ်ကြီးမှာ ဗိုလ်ကြီး မင်းအောင်လှိုင် ဖြစ်၍ သူတို့ နှစ်ယောက်စလုံးမှာ DSA 19 ကျောင်းဆင်များ ဖြစ်ကြပါသည် ၊
ခမရ ၁၁၁ ကို ၁၉၈၅ ခုနှစ်တွင် ဒုမှူးကြီး လှသိန်း ဦးစီး ဖွင့်လှစ်ခဲ့ကာ လုံးတုံ ၊ မိုးညှင်းဘက်တွင် ပထမဆုံး စစ်ဆင်ရေး ဝင်ခဲ့ပြီး ၊ ဒုတိယ စစ်ဆင်ရေး အဖြစ် ၁၉၈၆ ခုနှစ်တွင် စီစီဝမ် ၊ တာပန် စစ်ဆင်ရေး အထောက်အကူပြု အဖြစ် ဝင်ရောက် လှုပ်ရှားဖူးသည် မှ အပ တိုက်ပွဲ အတွေ့အကြုံ သိပ်မရှိသေးသည့် တပ်ရင်း ဖြစ်ပါသည် ၊
တွတ်ပီတို့ တပ်ရောက်စက ဗိုလ်ကြီးမင်းအောင်လှိုင် နှင့်အတူ အရာရှ်ိ လူပျိုရိပ်သာတွင် အတူ နေရပြီး သူက မိသားစု ခေါ်မထားသဖြင့် ရိပ်သာ အင်ချပ် ဖြစ်ကာ သူ့စီမံ မှုဖြင့်ပင် စားရသောက်ရပါသည် ၊ စပ်စု တတ်သော တွတ်ပီ အကျင့်အရ ထိုစဉ်က သိရှိ ခဲ့ရသည်မှာ ရေးဗက ဖြစ်သူ ဗိုလ်ကြီးချစ်ကို မှာ ခလရ ၆၉ မှ ပြောင်းရွှေ့ ရောက်ရှိလာခြင်း ဖြစ်ပြီး ထိုတပ်တွင် လမ်းလုံခြုံရေး ဆောင်ရွက်စဉ် ပေါ့လျှော့မှုကြောင့် စစ်မှုထမ်းသက် အတော်များများ ဖြတ်တောက်ခံထားရသူဖြစ်ပါသည် ၊ { တွတ်ပီ အထင် ဗိုလ်မှူးကြီးသူရ ကျော်ကျော်ချို ကျဆုံးခဲ့ရသည့် လမ်းအင်ဘုတ် ဖြစ်စဉ် ဖြစ်မည်ထင် ပါသည် } ၊ သူက ဗိုလ်ကြီး ဘဝ ဖြင့်ပင် တပ်မတော်မှ အငြိမ်းစား ယူသွားရပါသည် ၊
တပ်ထောက်ဗိုလ်ကြီး ဖြစ်သူ ဗိုလ်ကြီးမင်းအောင်လှိုင် ကတော့ ရပခ တိုင်းမှူး၏ ကိုယ်ရေးအရာရှိ { Pso } ဘဝ မှ ခြေလျင် ဆင်းခဲ့ရသူဖြစ်ပါသည် ၊ ထိုစဉ်က သူ့တိုင်းမှူးမှာ ကေ့စ် တစ်ခုဖြင့် အရေးယူ ခံရကာ သူလည်း နယ်လွှင့် ခံရသူ တစ်ယောက်ပါပေ ၊ တွတ်ပီ တို့ မြန်မာ့ တပ်မတော်ကြီး၏ မပျက်ခဲ့သော ရှေးထုံး အစဉ်အလာ ကလည်း သိ ကြတဲ့ အတိုင်း ၊ လူကြီးတစ်ယောက် အရေးယူခံရပြီ ဆိုလျင် သူ့လက်အောက် အဆွယ်အပွား မှန်သမျှ ညောင်းပေရော့ ၊ ခပ်ဝေး ဝေး ၊
ဒါကလည်း ဗိုလ်ကြီးအုန်းကျော်မြင့် တို့လို ဖြစ်စဉ်တွေက သာဓက ပြသွားခဲ့သည်လေ ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ တင်ဦး ကို အနားပေးလိုက်သောအခါ သူ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် ကို စစ်ရုံးမှာပင် ဆက်ထားခဲ့သော အကျိုးဆက် ကြောင့် ၊ ဆရာစွဲ ဖြင့် နိုင်ငံတော် လုပ်ကြံ မှုကြီး လို အဖြစ်မျိုးတွေတောင် နောက်ဆက်တွဲ ကြုံတွေ့ခဲ့ရ မဟုတ်လား ၊
ဒါကြောင့်လည်း ထို အဖြစ်မျိုးတွေ ရှောင်ရှား နိုင်ရန် နောက်ပိုင်းကျ လူကြီး အနား နေသူများ ထိုလူကြီး နားရပါက အဝေးပို့ စနစ် ကျင့်သုံး ပါလေတော့ သည် ၊ ဗိုလ်ချုပ်မှူးကြီး စောမောင် အနားပေး ခံရသော အခါတွင်လည်း ထိုနည်း နှင်နှင် ၊ သူ့ ကိုယ်ရံတော် အရာရှိ ဗိုလ်မှူး ခင်မောင်စိုး{ DSA 19 ** လေ့ကျင့်ရေး ထူးချွန်ဆုရ } တို့လို လူမျိုး ကို မတတ်သာလို့ ရာထူးတိုးပေးတာတောင် ဟိုး ခပ်ဝေးဝေး တနိုင်း ခလရ { ၈၆ } တို့လို နေရာမျိုး ၊ တပ်ရင်းမှူး တဲ့ ၊
ကဲပါလေ လိုရင်း မရောက်တော့ပဲ နေပါလိမ့်မယ် ၊ တပ်အကြောင်းပဲ ပြန်ဆက်ကြရအောင်ပါ ၊ တွတ်ပီတို့ ရောက်ပြီး { ၄ } လ ကျော်သည်အထိ ထိုတပ်မှာ စစ်ဆင်ရေး မထွက်ရပါ ၊ လေ့ကျင့် မွမ်းမံလိုက် ၊ ပတ်ဝန်းကျင် ရွာများ လုပ်အားပေးလိုက် ၊ မီးရထားလမ်း လုံခြုံရေး လုပ်လိုက်ဖြင့်သာ အချိန်ကုန်ပါသည် ၊ တပ်မှာ နေရင်း ထိုစဉ်က သတိပြုမိသည်မှာ ဗိုလ်ကြီးမင်းအောင်လှိုင်သည် အနေတည်သလောက် အေးဆေးစွာ နေတတ်ခြင်းကိုပါ ၊ သူက ယူနီဖောင်းဝတ်ထားလျင် ဘယ်တော့မှ ခြေညှပ်ဘိနပ် မစီး ၊ အရပ်ဝတ်ဖြင့်နေလျင်လည်း စမတ်ကျစွာ နေတတ်သလို အရက်မသောက် ၊ ဆေးလိပ်မသောက် ၊ ကွမ်းမစားတတ်သူ ဖြစ်သဖြင့် အမြဲတမ်း သန့်ပြန့်စွာဖြင့် ၊
သူ့ကို ယှဉ်ပြိုင်ပြီး ဝတ်တတ် စားတတ်သူ နောက်အရာရှိ တစ်ယောက်လည်း တပ်မှာ ရှိပါသေးသည် ၊ သူကား အလုပ်သင် ၁၃ မှ ချင်းအမျိုးသား ဗိုလ်ဒါးလ်ထွန်းမာန် { မဲလ စခန်းသိမ်း တိုက်ပွဲတွင် ကျဆုံးခဲ့သူ } ၊ ယူနီဖောင်းဝတ်ရာမှာ ဖြစ်စေ ၊ အရပ်ဝတ်ဖြင့် နေစဉ်ဖြစ်စေ သူတို့ နှစ်ဦးမှာ အမြဲတမ်း သပ်ရပ် ကျော့ရှင်းစွာဖြင့် စမတ်ကျကျ အားကျစဖွယ် တွေပါ ၊ တွတ်ပီတို့နဲ့တော့ အကွာကြီး ကွာပါ့ ၊ ထိုစဉ်က ဆေးလိပ် သောက်တတ်နေဆဲ ဖြစ်သည့် တွတ်ပီ တစ်ယောက် ဆေးပေါ့လိပ်ကြီး ခဲကာ လူကလည်း ငှက်ဖျားဒဏ်ကြောင့် ပိန်လှီ ဖြော့တော့ ၊ ယိုင် နဲ့နဲ့ ၊
ဗိုလ်ကြီးမင်းအောင်လှိုင်က သူ့တာဝန်ကို တိတိကျကျ ဆောင်ရွက်တတ်သလို တွတ်ပီတို့ကိုလည်း သေခြာ တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ တွန်းအားပေး တတ်သည် ၊ တပ်ရင်း တာဝန်မှူး တာဝန်ကို အရာရှိများသာ အလှည့်ကျ ထမ်းဆောင်ရခြင်း ဖြစ်ကာ ညနေ အချိန်တွင် တာဝန်မှူး ထံသို့ သူကိုယ်တိုင် လာရောက်လေ့ ရှိသည် ၊ ရုံးတွင် တာဝန်မှူး ကား တစ်စီး ထားရှိပေးသဖြင့် ညနေ ဆိုလျင် သူရောက်ရှိလာ ကာ တာဝန်မှူးကားကို ကိုယ်တိုင် အပ်ပြီး ```` တာဝန်မှူးများ ညအခါ ကားကို အသုံးပြု၍ မြို့တွင်း နှင့်ဝန်းသို ဘူတာ သို့ မပျက်မကွက် လိုက်လံ စစ်ဆေးရန် နှင့် နောက်တစ်နေ့ တာဝန်မှူး အစီရင်ခံစာ တွင် ထည့်သွင်း ဖော်ပြ ရေးသားရန် ´´´´ မပြတ် မှာကြားလေ့ ရှိပါသည် ၊
တပ်ရင်းတွင် နေစဉ်ကာ လ များမှာတော့ သူက တပ်ထောက်မို့ တပ်စုမှူး အဆင့်သာ ရှိသော တွတ်ပီတို့နှင့် သိပ်တော့ ပတ်သက်မှု မရှိလှ ပါ ၊ ထိုစဉ်က တပ်ရင်းများမှာလည်း အရာရှိ အင်အား { ၃၀ } ကျော် ရှိသည်မို့ အင်အားကလည်း တောင့်တင်း လှပါသည် ၊
၁၉၈၇ ခုနှစ် ဒီဇင်ဘာ လထဲမှာတော့ တွတ်ပီတို့ တစ်ရင်းလုံး မြစ်ကြီးနား သို့ စစ်ဆင်ရေးထွက်ရပါသည် ၊ ပထမတော့ မြို့ပေါ် လုံခြုံရေး ဆောင်ရွက်ရပြီး နောက်တော့ ထောဂေါ ၊ စတီးကြော ဒေသ ကို စခန်းထိုင် လှုပ်ရှား တာဝန်ပေးခံရပါသည် ၊ တွတ်ပီက ဒိန်းတန် ကြော နှင့် လန်းယန်ရွာပျက် အကြား လှုပ်ရှား တပ်စုမှူး ၊ ယခင် ၁၉၇၈ ခုနှစ် ခလရ ၁၅ ထောဂေါ စခန်းကျ၍ ပြန်သိမ်းခဲ့ပြီးနောက် ယခု ဒုတိယ အကြိမ် တွတ်ပီ ပြန်ရောက်ရခြင်း ဖြစ်ပါသည် ၊ { ထောဂေါ စခန်းသိမ်း စစ်ဆင်ရေး * ၁၉၇၈ * အား အပိုင်း ၂၀ ခွဲ၍ တွတ်ပီ ရေးသား တင်ပြပြီး ဖြစ်ပါသည် } ၊
ထောဂေါဒေသ တွင် ရေခဲမတတ် အအေးဒဏ်ကို ကြိတ်မှိတ်ခံစားရင်း ၊ မလောက်ငသော ရိက္ခာ ဆန်ကို ပြုတ် တလှည့် ချက်တလှည့် ဝါးမြိုရင်း ၊ ဆိုးဝါးလှ သည့် တောင်ဖြုတ်ဒဏ်ကို အနာတွေ ဖြစ်မတတ် ခံစားကြရင်း ဖြင့် ၁၉၈၈ ခု မတ်လ ထဲမှာ ခလရ ၁၅ ကို တပ်ချိန်း ပေးခဲ့ကာ နောက်တန်း ပြန်နား ခဲ့ရပါတော့သည် ။
*** စ ရေးကာစ မို့ ဗဟု သုတ လေးတွေလည်း ပေးရင်း ၊ တပ် ရာဇဝင်လေး လည်း သိအောင် ရေးပေးလိုက်ပါတယ် ၊ စာရေးနေရင်းနဲ့ မု ကလေးကလည်း ဝင်လာမှာမို့ သည်းခံတော့ ဖတ်ကြပါဦး ၊ ကြုံတွေ့ခဲ့တာ အမှန်တွေပဲ ရေးပြမှာမို့ အားလုံး သိအောင် ပါလာမှာပါ ၊ အပြုသဘောဝေ ဖန် ထောက်ပြတာတွေ လက်ခံ ပေမယ့် မိုက်ရိုင်း တဲ့ ကွန်မင့် တွေ ပါလာရင်တော့ တခါတည်း ဘလော့ မှာ ဆိုတာတော့ ကြိုတင်ပြောပါရစေ ၊ အားလုံးကို ကျေးဇူး ပါ ***
ချစ် ကြည် စွာ ဖြင့်
** ယုံ လေး **
@@@@@@@@@@@@@@@@@@

Comments
Post a Comment